Thursday, October 26, 2017

ကျားမတန်းတူညီမျှရရှိရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကား တိုးမြှင့်စေရေးနှင့် သက်ဆိုင်သည့် အဆင့်မြင့်အရာရှိကြီးများ ညီလာခံကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၆
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်(၅)ဖြစ်သော ကျားမ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီး ငယ်များအားလုံး စွမ်းပကား တိုးမြှင့်ရေးနှင့် သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီး များညီလာခံ High Level Conference on Gender Equality(SDG-5)ကို နေပြည်တော် MICC-2 ၌ ယနေ့နံနက်တွင် ကျင်းပသည်။

အဆိုပါညီလာခံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာ မြန်မာနိုင်ငံတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာစီမံကိန်း(National Strategic Plan For the Advancement of Women-NSPAW)(၂၀၁၃-၂၀၂၂) ကိုရေးဆွဲထားရှိပြီး ကျားမရေးရာအစီအစဉ်များ၊ ကျားမတန်းတူညီမျှ စေရေး အတွက် ဆောင်ရွက်ပေးနေသည့်လုပ်ငန်းစဉ်များ၊ အမျိုးသမီးများရရှိသင့်သည့် အခွင့်အရေးများကို လူတိုင်းအကျုံးဝင် ခံစားခွင့်ရရှိရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် အမှတ်စဉ်(၅)၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို ကျန်ရှိနေသည့် (၅)နှစ်တာကာလအတွက် မူဝါဒဆိုင်ရာ အကြံပြုချက်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း။
နည်းပညာပိုင်းဆိုင်ရာတွင်လည်း လုပ်ငန်းအဖွဲ့(၄)ဖွဲ့အား ဖွဲ့စည်းထားရှိပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး၊ အမျိုးသမီးများနိုင်ငံရေးနှင့် စီးပွားရေး ကဏ္ဍများတွင်ပါဝင်ဆောင်ရွက်ရေး၊ ကျားမရေးရာအမြင် ထည့်သွင်းစဉ်းစားရေးနှင့် အမျိုးသမီးများ ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့နှင့် စပ်လျဉ်း၍ ကဏ္ဍ(၅)ခုဖြင့် ဆွေးနွေးကြ မည်ဖြစ်ပါကြောင်း၊ ထို့ပြင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကိုဖွဲ့စည်းထားရှိပြီး ၄င်းကော်မတီတွင်အမျိုးသမီးများနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးပါဝင်ပါကြောင်း၊ အဆိုပါကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ အစိုးရ မဟုတ်သော အသင်းအဖွဲ့များ၊ အရပ်ဖက်အသင်း အဖွဲ့များပူးပေါင်းပြီး ဘေဂျင်းလုပ်ငန်းစီမံချက်အတိုင်း ဦးစားပေးလုပ်ငန်းနယ်ပယ်(၁၂)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၅)ကို အကောင်အထည်ဖေါ်ရာတွင်လုပ်ငန်း(၉)ရပ်ဖြင့် လက်တွေ့ဖော်ဆောင်နေ ပါကြောင်းနှင့် ကျားမတန်းတူညီမျှရေးသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်(၁၇)ရပ်တွင် သီးခြားဖော်ပြခြင်း ခံရသော ပန်းတိုင်တစ်ရပ်ဖြစ်ပြီး အမျိုးသမီးများပါဝင်သော ငြိမ်းချမ်းရေး ဖြစ်စဉ်သည် ခိုင်မြဲမှုရှိပြီးကြောင်းကို ကမ္ဘာ့နိုင်ငံ အသီးသီးကလက်ခံကြပါကြောင်း၊ အမျိုးသမီးများကို ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပဋိပက္ခများ ဖြေရှင်းဆောင်ရွက်ရာတွင် ပါဝင်ခွင့်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်ပါကြောင်း၊ ယခုမြန်မာနိုင်ငံတွင် UEHRD စီမံကိန်းကိုအကောင်အထည်ဖော် ဆောင်နေချိန်တွင် အမျိုးသမီးများပူးပေါင်း ပါဝင်မှုသည်လည်းအရေးပါ ပါကြောင်း၊ ASEAN နိုင်ငံများတွင် ဘဏ္ဍာရေးကဏ္ဍ၌သီးခြား ဘတ်ဂျတ်များလျာထားပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင် ဆောင်ရွက်နေပါကြောင်း၊ (NSPAW) လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ရည်မှန်းချက်နှင့် ညွှန်းဆိုချက်များကို စီမံကိန်းများတွင် ထည့်သွင်းခြင်းအားဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်(၅)ကို အကောင်အထည်ဖော်ခြင်းဖြစ်ပါ ကြောင်းနှင့် ယခုညီလာခံတွင်ဆွေးနွေး ကြသည့် အချက်များသည်NSPAW နှင့်မည်သို့ ဆက်စပ်သည်ကို တွေ့ရှိနိုင်မည်ဖြစ်ပြီး ၀န်ကြီးဌာနအလိုက် အမျိုးသမီးများစွမ်းဆောင်မှုနှင့် ကျားမတန်းတူ ညီမျှရေးအခြေအနေ များကိုလည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့်ဖွဲ့စည်းထားပြီးဖြစ်သော မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီက ဦးဆောင်ပြီး အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်ထောင်စု အဆင့်သာမက တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ထိ ဆောင်ရွက်နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ထား ပါကြောင်း၊ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်း၊ အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုများ လျော့နည်း ပပျောက်စေရေးနှင့် သဘာဝဘေး အန္တရာယ်များကို ခံနိုင်ရည်မြင့်မားစေရေးတို့အတွက် ဆောင်ရွက်ရာတွင် သိသာ ထင်ရှားစွာ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာရပ်များကိုလည်း ရေးဆွဲသွားမည်ဖြစ်ပါကြောင်းနှင့် ယခုညီလာခံက အကြံပြုချက်များသည် မူဝါဒများဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မည့် သူများသိရှိနိုင်မည့် သတင်းအချက် အလက်များကို ပံ့ပိုးအကြံပြုခြင်း၊ ဘဏ္ဍာငွေ လျာထားသတ်မှတ်ခြင်းနှင့် အသုံးပြုသည့်နည်းလမ်းများကို ပြန်လည်ဆန်းစစ်ခြင်း တို့ကို တိုင်းတာနိုင်မည့် အညွှန်းကိန်းများကို သတ်မှတ်နိုင်မည်ဖြစ်ပါကြောင်းဖြင့်ပြောကြားသည်။
အဆိုပါ ညီလာခံအား အောက်တိုဘာ ၂၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်) 

No comments:

Post a Comment