Thursday, October 5, 2017

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြ၀တီမြို့၌ ကျင်းပသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားတက်ရောက် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း

မြ၀တီ အောက်တိုဘာ ၅
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့ကျက်သရေဆောင် ရွှေမြင်းဝန်စေတီမြတ်ကြီးအတွင်း၌ သီတင်းကျွတ်လပြည့်နေ့၊ ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပသည့်  ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲအခမ်းအနားကို တက်ရောက်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်း လှူသည်။

ရှေးဦးစွာ မြ၀တီခရိုင်အတွင်းရှိကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက သာသနာ့ဟိတကာရီဗိမ္မာန်တော်၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဘုရားကြီးကျောင်းတိုက် ခဏ္ဍသိမ်တော်၌ ဂိုဏ်းပေါင်းစုံသံဃမဟာ ပ၀ါရဏာ ကျင်းပသည်။
ဆက်လက်၍ ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့်ပတ်လမ်းတို့တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် မိသားစုတို့မခရိုင်အတွင်းရှိ ကျောင်းတိုက် (၃၁၇)ကျောင်းမှ ၀ါဆိုရဟန်း၊ သာမဏေနှင့် သီလရှင်များ  စုစုပေါင်း အပါး(၃၀၀၀)တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အလားတူ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တို့မှ အရာရှိကြီးများနှင့် မိသားစုတို့မှလည်း ကောင်း၊ ခရိုင်နှင့်မြို့နယ်ဆင့်ဌာန ဆိုင်ရာဝန်ထမ်းများနှင့်မိသားစုတို့မှ လည်းကောင်း၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ လူမှုရေးနှင့် ဘာသာရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များနှင့်  တိုင်းရင်းသားပြည်သူများက  ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)

No comments:

Post a Comment