Thursday, October 5, 2017

ဂိုဏ်းပေါင်းစုံ သံဃမဟာပ၀ါရဏာပွဲ သက်တော်ရှည်ဆရာတော်ကြီး (၁၀) ပါးအား ပူဇော်ပွဲနှင့် သံဃာအပါး (၉၀၀) ကျော် စာရေးတံမဲလောင်းလှူပွဲကျင်းပ

ပြင်ဦးလွင်၊ အောက်တိုဘာ ၅
၁၃၇၉ ခု၊ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့တွင် ဂိုဏ်းပေါင်းစုံ သံဃမဟာပ၀ါရဏာပွဲ၊ သက်တော်ရှည် ဆရာတော်ကြီး (၁၀) ပါးအား ပူဇော်ပွဲနှင့် သံဃာအပါး (၉၀၀) ကျော် စာရေးတံမဲလောင်းလှူပွဲကို  ယနေ့ မွန်းလွဲပိုင်း  (၁) နာရီက   ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး (၄) ၊ မြို့လယ်ရွှေစည်းခုံ ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်တော်မူပြီး သက်တော်ရှည် ဆရာတော်ကြီး (၁၀) ပါးအား ဂိုဏ်ပေါင်းစုံသံဃာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ သြကာသ ကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ကန်တော့ကြ၍ ၊ ဂိုဏ်ပေါင်းစုံ ဆရာတော် သံဃာတော်အရှင်သူမြတ်များမှ မေတ္တာသုတ် ပရိတ်တရားတော်များ သံပြိုင်ရွတ်ပွားချီးမြင့်တော်မူခြင်း၊ သက်တော်ရှည်ဆရာတော်ကြီး (၁၀) ပါးအား တာဝန်ရှိသူ များနှင့် အလှူရှင်များက လှူဖွယ်ဝတ္တုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ သက်တော်ရှည်သံဃမဟာထေရ် စတုဘုမ္မိ ကကျောင်း ဦးစီးပဓာန နာယကဘဒ္ဒန္တ၀ိဇယ ဆရာတော်ဘုရားကြီးမှ  သြ၀ါဒကထာနာယူ ကြည်ညိုကြသည်။
ဆက်လက်ပြီး ထေရ၀ါဒဂိုဏ်ပေါင်းစုံ ဆရာတော်သံဃာတော်များအား ပြင်ဦးလွင်မြို့၊ မြို့လယ်- ရွှေစည်းခုံကျောင်း တိုက် ကမ္ဘောဇ ဂဏ၀ါစကသိမ်တော်ကြီးသို့ ထေစဉ်ဝါအလိုက် ပင့်ဆောင်တော်မူခြင်းနှင့် ဆရာတော် သံဃာတော် များက ထေစဉ်ဝါလိုက်နေရာယူကာ  မြို့နယ်ရွှေစည်းခုံကျောင်းတိုက်မှ ဦးဣန္ဒကတို့က ပ၀ါရဏအမေးအဖြေ ဆောင်ရွက်တော်မူပြီး ဆရာတော်သံဃာတော်များက ထေစဉ်ဝါလိုက် ပ၀ါရဏ ပြုတော်မူကြ၍ ပ၀ါရဏပြုအခမ်းအနား ကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အောင်မြင်စွာပြီးစီးတော်မူကြပြီးနောက် သိမ်တော်ကြီးအဆင်း သက်တော်ရှည် ဆရာတော်ကြီးများက ဦးဆောင်၍ ထေစဉ်ဝါလိုက် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား  တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က  ဒါတဗ္ဗလှူဖွယ်ပစ္စည်းများနှင့် စာရေးတံမဲလောင်းလှူခြင်းကို အလှူခံယူပြီး မော်တော်ယာဉ်မှူးကြီးများက ဆရာတော်သံဃာတော်များကို ကျောင်းတိုက်အလိုက် ပြန်လည်ပင့်ဆောင်ပေး ခဲ့ကြောင်း သိရသည်။                                          

ဇော်မျိုးထိုက် (ပြင်ဦးလွင်)  

No comments:

Post a Comment