Saturday, October 28, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ



ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ ဘဏ်များ အားလုံး တစ်ပြေးညီအခွင့်အရေးရှိသည့်  e-bankingစနစ် အားကောင်းစေရန် ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်က e-Banking စနစ်တွင်  Internet Banking နှင့်  Mobile Banking စနစ်များ အဓိကပါဝင်ပါကြောင်း၊ e-Banking စနစ် အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် ဘဏ်များတွင်  Core Banking စနစ်များ ရှိရန်လိုအပ်ပြီး  Core Banking စနစ်ကို ဘဏ်ခွဲများအားလုံးနှင့် ချိတ်ဆက်ထားရန် လိုအပ်ပါကြောင်း၊  မြန်မာနိုင်ငံရှိဘဏ် ၂၆ ဘဏ်တွင် Core Banking စနစ်များကို တပ်ဆင်ပြီး  ဖြစ်သည့်အတွက်   Internet Banking နှင့်  Mobile Banking ၀န်ဆောင်မှုများကို စတင်ပေးနိုင်နေပြီဖြစ်ပါကြောင်း၊ အခြားကျန်ရှိသည့်ဘဏ်များအနေဖြင့်လည်း  Core Banking စနစ်များ တပ်ဆင်ရန် ပြင်ဆင်လျက်ရှိပါကြောင်း။
Internet Banking နှင့်  Mobile Banking တို့အပြင် ဘဏ်များအား နိုင်ငံတကာ Credit card များဖြစ်သည့် Visa,Master,UPI,JCB, စသည့် Credit card များ ထုတ်ဝေ ခွင့်ကိုလည်း ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ၄င်းကတ်များသည် ယခင်ထုတ်ဝေထားသည့် Prepaid card နှင့် Debit card များကဲ့သို့ ကြိုတင်ဒေါ်လာဝယ်ထည့်ထားခြင်းနှင့် မိမိ ဘဏ်စာရင်း၌ ငွေဖြည့်ထားခြင်းဖြင့် နိုင်ငံတကာတွင် ငွေပေးချေမှုများကို ပြုလုပ်နိုင်ပါ ကြောင်း၊ ၄င်း နိုင်ငံတကာ Credit card များဖြင့် ပြည်ပနိုင်ငံများတွင် ငွေပေးချေခြင်း၊ Internet e-Commerce စနစ်များမှတစ်ဆင့် ပစ္စည်းမှာယူခြင်းတို့ကို ဆောင်ရွက်နိုင် ပါကြောင်း၊ Mobile Banking များချိတ်ဆက်ပြီး ဘဏ်နှင့်ဝေးကွာသော သူများနှင့် ဘဏ်စာရင်းမရှိသူများအနေဖြင့် ဘဏ်ဝန်ဆောင်မှုများကို မိုဘိုင်းဖုန်းမှ တစ်ဆင့် ၂၄ နာရီပတ်လုံးရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် e-Banking စနစ်များ ပိုမိုအောင်မြင်စေရန်အတွက် အားပေးဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အီလက်ထရောနစ် ငွေပေးချေမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၏ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဆိုင်ရာအဖွဲ့အ စည်းများ၏ ငွေဖြစ်လွယ်မှု (Liquidity)၊ မတည်ရင်းနှီးငွေ (Capital)၊ ငွေသားစီးထွက်မှု (Cash out flow)၊ ငွေသားစီးဝင်မှု (Cash in flow) များကို  CBM ဗဟိုဘဏ်က စောင့် ကြည့်ကြီးကြပ်မှု၊  နိုင်ငံသားများ၏ စုဆောင်းငွေ၊  လွှဲပို့ငွေများ ဆုံးရှုံးမှုမဖြစ်ပေါ်အောင် ကြိုတင်ကာကွယ်ထားမှုများ အခြေအနေ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးလွယ်ကူမှု (Liquidity) အချိုးကို ၂၀ ရာခိုင်နှုန်းနှင့် မတည်ငွေရင်းလုံလောက်မှုအချိုး (Capital Adequacy) အချိုးကို ၁၀ ရာခိုင်နှုန်းထားရှိရန် ညွှန်ကြားချက်ဖြင့် သတ်မှတ်ထားပါ ကြောင်း၊ ပုဂ္ဂလိကဘဏ်များ၏ စုစုပေါင်း  ငွေကြေးလွယ်ကူမှုအချိုးမှာ ၃၉ ဒသမ ၇၂ ရာခိုင်နှုန်းနှင့် မတည်ငွေရင်းလုံလောက်မှုအချိုးမှာ ၁၈ ဒသမ ၀၂ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရသောကြောင့် ဘဏ်များ၏ငွေကြေးလွယ်ကူမှု၏ မတည်ငွေရင်းလုံလောက်မှု အားကောင်း ခိုင်မာနေသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ခဲ့သည့် ငွေကြေးလွယ်ကူမှုအချိုးနှင့် မတည်ငွေရင်းလုံလောက်မှု အချိုး တွက်ချက်မှုနည်းလမ်းများသည် နိုင်ငံတကာတွင် တွက်ချက်သည့် နည်းလမ်းများနှင့် ကွာခြားသောကြောင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီရယူပြီး ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များကို စိစစ်သုံးသပ်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း။
မတည်ရင်းနှီးငွေ လုံလောက်မှုနှင့်ပတ်သက်၍ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ စုစုပေါင်းမတည်ငွေရင်းလုံလောက်မှုအချိုး ၈ ရာခိုင်နှုန်း၊ အနည်းဆုံး အလွှာ(၁) မတည်ငွေရင်းလုံလောက်မှုအချိုး ၄ ရာခိုင်နှုန်း ထားရှိရန်နှင့် မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က မတည်ငွေရင်းလုံလောက်မှုဆိုင်ရာစည်းမျဉ်းကို ထုတ်ပြန်ထား ပါကြောင်း၊ သတ်မှတ်ထားသည့် မတည်ငွေရင်းလုံလောင်မှုအချိုး မပြည့်မီလျှင် လျော့နည်းသည့် ရက်မှ ရက်ပေါင်း ၃၀ အတွင်း မတည်ငွေရင်းတိုးမြှင့်မှုအစီအစဉ်ကို  ဗဟိုဘဏ်သို့ တင်ပြရမည်ဖြစ်ကြောင်း၊ တင်ပြထားစဉ်ကာလအတွင်း ငွေထုတ်ချေးခြင်း၊ ဘဏ်ခွဲအသစ်ဖွင့်လှစ်ခြင်းများဖြင့် မတည်ငွေရင်းကိုထိခိုက်စေမည့် ဆောင်ရွက်ချက် တစ်ရပ်ရပ်ကို ဗဟိုဘဏ်မှ ဆောင်ရွက်ခွင့်မပြုပါကြောင်း၊ ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် မတည်ငွေရင်း လုံလောက်မှုအချိုးကို သတ်မှတ်ကာလအတွင်း ပြည့်မီစေရန်နှင့် ဆောင်ရွက်မှု ပျက်ကွက်ခဲ့လျှင်  ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ပြီး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့် ထိန်း သိမ်းရန်ဆိုသည့် အဓိကရည်မှန်းချက်နှင့်အညီ ငွေကြေးတည်ငြိမ်ရေး၊ ငွေရေး ကြေးရေးစနစ်တည်ငြိမ်ရေး၊ ထိရောက်သည့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ခိုင်မာ တိုးတက်စေရေး ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊  စုဆောင်းငွေများ၊ ငွေပေးချေမှုများ၊ ငွေလွှဲပို့မှု များနှင့် ပတ်သက်၍ လုံခြုံစိတ်ချစွာဖြင့် ဆောင်ရွက်ရန်အတွက် ဘဏ်များကို ညွှန်ကြား ထားပါကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် နိုင်ငံ သားများ၏စုဆောင်းငွေနှင့် လွှဲပို့ငွေများဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ထား မှုအခြေအနေများကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ လောင်းလုံး မဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီ၊ လှည်းကူးမဲဆန္ဒနယ်မှ ဦးသိန်းတန်၊ ရေဦး မဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်း၊  အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော်အောင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
မြိုင် မဲဆန္ဒနယ်မှ ဦးအောင်ခင်ဝင်းက ရှေ့အနာဂတ်ကာလတွင်  ရိုက်နှိပ်ထုတ် ဝေရန် ရှိလာမည့် ငွေစက္ကူများပေါ်တွင်  ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ် ဝေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် ငွေစက္ကူအသစ်ရိုက်နှိပ် ထုတ်ဝေမည်ဆိုလျှင် လှည့်လည် သုံးစွဲလျက်ရှိသော ငွေပမာဏကို လဲပေးနိုင်ရန် အတွက် လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေပမာဏနီးပါးကို မှာကြား ရိုက်နှိပ်သိုလှောင်ထားရမည် ဖြစ်ကြောင်း၊ လက်ရှိ လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေစက္ကူများကိုလည်း ဖျက်ဆီးရမည် ဖြစ်ကြောင်း ကုန်ကျငွေ ၁၀၀ ဘီလီယံမှ ၃၀၀ ဘီလီယံအထိ ရှိပါကြောင်း၊ ငွေစက္ကူပုံစံ အမျိုးမျိုးရှိနေလျှင် ပြည်သူများက ငွေစက္ကူ အပေါ်တွင် ယုံကြည်မှု အားနည်းလာနိုင်ကြောင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဖြေကြား ထားပါကြောင်း။
ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူများကို မကိုင်တွယ်ရသည်မှာ ဆယ်စုနှစ် ၃ ပြန်ခန့် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ယခင်ထုတ်ဝေထားသော ဆင်နှင့် ခြင်္သေ့ပုံပါ ငွေစက္ကူများကို ကိုင်တွယ်လိုသူ နည်းပါးပြီး ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများကိုသာ ကိုင်တွယ်ချင်လာကြမည်ကို အထူးတလည်ပြောစရာ လိုမည်မထင်ပါကြောင်း၊ မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေမှုကို ရှေ့လာမည့် အနာဂတ်ကာလတွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် တိုက်တွန်းပါကြောင်း  ဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်က ထောက်ခံဆွေးနွေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေး ရန်ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍  ပေးပို့လာသော လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ကို  လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးပြီး ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် မတူပီမဲဆန္ဒနယ်မှ ဦးပါထန်း က အစီရင်ခံစာ ဖတ်ကြားတင်သွင်းသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
အေးအေးသန့် (သတင်းစဉ်)

No comments:

Post a Comment