Monday, October 2, 2017

မောင်တောဒေသရှိ နေရပ်မစွန့်ခွာဘဲ နေထိုင်လျက်ရှိသောကျေးရွာများသို့ ဆန်အိတ်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်း


မောင်တော အောက်တိုဘာ ၂
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် မိတ်ဆွေစေတနာ ရှင်များနှင့်အတူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က  ယနေ့တွင် မောင်တောဒေသရှိ နေရပ် မစွန့်ခွာဘဲ မိမိရပ်ရွာများတွင် နေထိုင်လျက်ရှိ ကြသော တိုင်းရင်းသားမျိုးနွယ်စုများနှင့် ဟိန္ဒူ ဘာသာ ၀င်များအား ကျေးရွာများ အရောက် ဆန်အိတ်များနှင့် အလှူငွေများကို ပေးအပ် ထောက်ပံ့ခဲ့ကြသည်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် မိတ်ဆွေစေတနာ ရှင်များက လောင်းဒုံ ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာအုပ်စု၊ ရန်အောင်မြင်(နတလ) ကျေးရွာအုပ်စု၊ သက်ကိုင် ညာကျေးရွာ အုပ်စု၊ ရေနောက်ငါးသား ကျေးရွာအုပ်စု၊ တမန်းသားကျေးရွာအုပ်စု၊ မင်းခမောင်း ကျေးရွာ အုပ်စု၊ အောင်သပြေ ကျေးရွာအုပ်စု၊ အင်ဒူလာ(ဗန္ဓုလ)ကျေးရွာအုပ်စုများသို့သွားရောက်ကာ ဆန် ၁၂၀၈ အိတ်နှင့် ကျေးရွာတစ်ရွာလျှင် တစ်သိန်းကျပ်နှုန်း ထောက်ပံ့လှူဒါန်းခဲ့သည်။
ထို့အတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးကျော်မင်းနှင့် တာဝန်ရှိသူများကလည်း တိုင်းရင်းသားများ အတွက်အလှူရှင်များက ယင်းဝန်ကြီးဌာနသို့ လှူဒါန်း ရရှိထားသော အလှူငွေများထဲမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် ကျေးရွာ ၄၇ ရွာမှ အိမ်ထောင်စု ၁၉၇၂စုအတွက် ငွေကျပ် ၁၉၇၂၀၀၀၀ အားပေးအပ်လှူဒါန်းခဲ့သည်။
ယင်းသို့သွားရောက်လှူဒါန်းရာတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေး သာအောင်က နေရပ်မစွန့်ခွာဘဲ နေထိုင်လျက်ရှိသည့် ဒေသခံများအား လက်ရှိကြုံ တွေ့နေရသည့် အခက် အခဲများ အားမေးမြန်းပြီး အားပေးစကားပြောကြားကာ မောင်တောခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ကျေးရွာများ ပြန်လည်နေရာချ ထားရေးနှင့်ပတ်သက်၍ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ဆိုင်ရာ ရေရှည်စီမံချက် ချဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တု ၀န်ကြီး ဦးကျော်လွင်က တိုင်းရင်းသား များလုံခြုံစွာဖြင့် စနစ်တကျနေနိုင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လယ်ယာ ကိုင်းကျွန်းနှင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင် နိုင်အောင် စီစဉ်ပေးမည် ဖြစ်ကြောင်းနှင့် တိုင်းရင်းသားများအချင်းချင်းလည်း စည်းလုံးညီညွတ်စွာ အတူ တကွ နေလိုစေကြောင်းပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် ဒုတိယပြည်နယ်ပညာရေးမှူး ဦးမောင်ထွန်းဝင်းက မိဘများအနေဖြင့် သားသမီးများ အားပညာသင်ကြားရေးကို အားပေးကြစေလိုကြောင်း၊ နယ်မြေတည်ငြိမ်လာသည်နှင့်အမျှ စာသင် ကျောင်းများကို ဆက်လက်ဖွင့်လှစ်ပေးသွား ရန်သင်ကြားရေးဆရာ/ဆရာမများကိုလည်း ခေါ်ယူ ထားပြီး ဖြစ်ကြောင်း ပြောကြား သည်။
ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုခံခဲ့ရသော်လည်း နေရပ်မစွန့်ခွာဘဲ မိမိရပ် ရွာတွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများအား အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် မိတ်ဆွေစေတနာရှင် များက ဆန်အိတ်များနှင့်အလှူငွေများ ထောက်ပံ့ ပေးအပ် လှူဒါန်း ခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင်လည်း ကျန်ရှိကျေးရွာများကို သွားရောက် ထောက်ပံ့ လှူဒါန်း မည်ဖြစ် ကြောင်း သိရသည်။

နိုင်လင်းကြည်၊ သန့်ဇင်ဝင်း

No comments:

Post a Comment