Monday, October 2, 2017

နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ မောင်တော ဒေသသို့ သွားရောက်ကြည့်ရှုလေ့လာ


စစ်တွေ-အောက်တိုဘာ-၂
ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်ကြည့်ရှုလေ့လာရန်   ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊   ဦးဝင်းခိုင်၊   ဒေါက်တာမြင့်ထွေး၊ ဒုတိယ၀န်ကြီး ဦးခင်မောင်တင်နှင့် ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီးများ၊  ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံး အကြီး အကဲများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ပြည်တွင်း/ပြည်ပ သတင်း မီဒီယာ သမားများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိ ကြသည်။

ထို့နောက်  အဖွဲ့သုံးဖွဲ့ခွဲကာ  စစ်တွေလေဆိပ်မှ ရသေ့တောင် မြို့နယ်ရှိ အစ္စလာမ် ဘာသာဝင်များ နေထိုင် သည့် အနောက်ပြင်ကျေးရွာနှင့် ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် ရွှေလောင်းတင်ကျေးရွာတို့သို့ သွားရောက်ပြီး   အစ္စလာမ် ဘာသာ ၀င်များ၊ ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံ၍ လတ်တလော စားဝတ် နေရေး အခက်အခဲများ၊ ပညာရေးနှင့် ကျန်းမာရေး အခြေအနေများကို လွှတ်လပ်ပွင့်လင်းစွာ မေးမြန်း ကြ သည်။ 
ထို့နောက်   မောင်တောမြို့နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များနေထိုင်ရာ နုရုလ္လာကျေးရွာသို့  ရောက် ရှိပြီး  မိုရာမုန်တိုင်းကြောင့် ပျက်စီးနေသည့် အာရဗီ စာသင်ကျောင်းနှင့် အဆိုပါနေရာအနီး မီးလောင်ပြင်ကို သွားရောက်ကြည့်ရှုကာ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများအား အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့်အခြေအနေ၊ ကျေးရွာများ မီးလောင် ကျွမ်းခဲ့မှု အခြေအနေများကို မေးမြန်းကြသည်။
ယင်းနောက်   မောင်တောမြို့နယ် ပန်းတော်ပြင်ကျေးရွာ၌ အစ္စလာမ် ဘာသာ ၀င်များနှင့် တွေ့ဆုံပြီး အကြမ်းဖက် မှုဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ကျေးရွာများ မီးလောင်ပျက်စီးမှု အခြေအနေများ၊ လတ် တလော စားဝတ်နေရေး အခြေအနေများ၊ တဖက်နိုင်ငံသို့ထွက်ပြေးသွားကြသည့် အခြေအနေများကို လွတ်လပ် ပွင့်လင်းစွာ မေးမြန်းကြသည်။
ဆက်လက်၍   မောင်တောမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး  ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် သတ်ဖြတ်မှု ကြောင့် သေဆုံးသွားသည့် ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက် တိုင်းရင်းသားများ နှင့် ဟိန္ဒူ ဘာသာဝင်များ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် တွေ့ဆုံ၍    မေးမြန်းကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်  သံတမန်အဖွဲ့များ ပါဝင်သော အဖွဲ့သည် မောင်တောမြို့နယ်ရှိ ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ်ဘာ သာဝင်များ နေထိုင်သည့် ရွေဇားကျေးရွာသို့ ရောက်ရှိပြီး သိရှိလိုသည်များကို လွတ်လပ်ပွင့်လင်းစွာ မေးမြန်းမှတ်တမ်းယူကြသည်။
ဆက်လက်၍   မောင်တောမြို့နယ်အတွင်းရှိ မြိုတိုင်းရင်းသားများနေထိုင်ရာ ခုံတိုင်ကျေးရွာသို့ ရောက်ရှိပြီး   အစိုးရက စားနပ်ရိက္ခာထောက်ပံ့ထားမှု၊ ARSA အစွန်းရောက်အကြမ်းဖက်သမားများက  ကျေးရွာအား မီးရှို့ ဖျက်ဆီးခဲ့မှုနှင့် မြိုတိုင်းရင်း သားများအား သတ်ဖြတ်ခဲ့မှုကို မေးမြန်းရာ သေဆုံးသူများ၏ မိသားစုဝင်များနှင့် အကြမ်းဖက်သမားများ၏ လက်ချက်ကြောင့် ဒဏ်ရာပြင်းထန်စွာရခဲ့သည့် မြိုတိုင်းရင်း သားများက အခြေအနေမှန်များကို ရှင်းပြကြသည်။
ထို့နောက်  မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာသို့ သွားရောက်ပြီး အဆိုပါကျေးရွာတွင် တိမ်းရှောင် လာသည့် ရခိုင် ၊ မြို၊ သက်၊ ဒိုင်းနက် တိုင်းရင်းသား များနှင့် တွေ့ဆုံ၍ အကြမ်းဖက်မှုဖြစ်စဉ်အခြေအနေနှင့်  ဟိန္ဒူ ဘာသာဝင်များ အသတ်ခံရမှု အခြေအနေတို့ကို လွတ်လပ်ပွင့်လင်းစွာ မေးမြန်းကြသည်။
ထို့နောက်    မောင်တောမြို့နယ် ငါးခူရကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ရခိုင် တိုင်းရင်း သားများ၊ အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာ သာဝင်များနှင့် တွေ့ဆုံ၍ သိရှိလိုသည်များကို လွတ်လပ် ပွင့်လင်းစွာ မေးမြန်းကြသည်။
ယင်းနောက်    မောင်တောမြို့မှ စစ်တွေမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြန်လည်ရောက်ရှိပြီး ညနေပိုင်း တွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားကြသည်။  
ရခိုင်ပြည်နယ် မောင်တောဒေသသို့ ယနေ့ သွားရောက်ကြည့်ရှုလေ့လာကြသည့် သံတမန် အဖွဲ့တွင် စင်ကာပူ၊ ဘရူနိုင်း၊ ဆားဘီးယား၊ အင်ဒိုနီးရှား၊ ဒိန်းမတ်၊ အစ္စရေး၊ မလေးရှား၊ သြစတြေးလျ၊ ချက်၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ အမေရိကန်၊ ကိုရီးယားဒီမိုကရက်တစ် သမ္မတ နိုင်ငံ၊ နယူးဇီလန်၊ နော်ဝေ၊ ကူဝိတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ တူရကီ၊ ကနေဒါ၊ ဘရာဇီး၊ ဆော်ဒီအာရေးဗီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ နီပေါ၊ ပါကစ္စတန်၊ ဖင်လန်၊ စပိန်၊ အီဂျစ်၊ အီတလီ၊ လာအို၊ ကာတာ၊ သီရိလင်္ကာ၊ ဆွီဒင်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဂျပန်၊ ရုရှား၊ ကိုရီးယားသမ္မတနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံ၊ ဥရောပ သမဂ္ဂ တို့မှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ UNRC , UNHCR , WFP , World Bank (Myanmar) , UNODC  တို့မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သိရှိရသည်။

(သတင်းအဖွဲ့)

No comments:

Post a Comment