Saturday, October 28, 2017

ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ



ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လမ်းတံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း ၄ ခု မေးမြန်း ဖြေကြားခြင်း၊ ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသည့် ဥပဒေကြမ်းအား အသိပေး တင်ပြခြင်း၊ ဆိပ်ကမ်း အလုပ်သမားများ အလုပ်စီစဉ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းခြင်း၊ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခြင်းတို့ ဆောင်ရွက်ကြသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးကျော်နီနိုင်၏ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် ခရိုင်အတွင်းရှိ မန်ချင်- နန်ကျောက်ဖား- ရှော်မိုနှိုက်- တာဝမ်တီး- တာမူနိုင် ကျေးရွာချင်းဆက် မြေသားလမ်းကို ကျောက်ချောလမ်း အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က အဆိုပါ ကျေးရွာချင်းဆက် လမ်းအား ကျောက်ချော လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စိစစ် ထောက်ခံ တင်ပြလာပါက နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (၅) နှစ် စီမံကိန်း လျာထားချက်တွင် ဦးစားပေးအပိုင်းလိုက် လျာထားတင်ပြ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဦးမာန်လောမောင်း၏ ချင်းပြည်နယ်ရှိ မြို့နယ်များတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကျေးလက်ဦးစီးဌာန၊ စည်ပင် သာယာရေး အဖွဲ့တို့မှ လမ်းများ၊ တံတားများ၊ ရေသွယ်ယူခြင်း၊ မီးတပ်ဆင်ခြင်းများ အတွက် တင်ဒါ ခေါ်ယူခြင်း၊ တင်ဒါများ ပေးခြင်းတို့ကို ပွင့်လင်း မြင်သာမှုရှိပြီး လွှတ်တော် ကိုယ်စားလှယ်များ သိရှိအောင် ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လမ်းညွှန်ချက်များနှင့် အညီ တင်ဒါကော်မတီ၊ ကြမ်းခင်းဈေး တွက်ချက်ရေး ကော်မတီ၊ တင်ဒါ လက်ခံရေးနှင့် စိစစ်ရေး ကော်မတီ၊ အရည်အသွေး စစ်ဆေးရေး ကော်မတီများဖြင့် သတ်မှတ် လုပ်ထုံး လုပ်နည်းများနှင့် အညီ စိစစ်ပြီး တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီမှ တာဝန် ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများအား ဖိတ်ကြား၍ တင်ဒါရှင်းလင်းပွဲ များ ပြုလုပ်ခြင်းနှင့် အိတ်ဖွင့်တင်ဒါ စိစစ်ရွေးချယ်ခြင်းများကို စုပေါင်းခန်းမ၌ ပွင့်လင်း မြင်သာစွာ ဆောင်ရွက် ခဲ့ပါကြောင်း၊ ထို့အပြင် တင်ဒါလုပ်ငန်း စာချုပ် ချုပ်ဆိုရာတွင်လည်း လုပ်ထုံး လုပ်နည်း လမ်းညွှန်ချက်များနှင့် အညီ တင်ဒါအောင် ကုမ္ပဏီများဖြင့် စာချုပ် ချုပ်ဆိုပြီး လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းခွင်များတွင်လည်း လုပ်ငန်း အမည်၊ စံချိန် စံညွှန်းနှင့် အတိုင်းအတာ၊ လုပ်ငန်း ဆောင်ရွက်သည့် ဘဏ္ဍာရေးနှစ်၊ လုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီအမည်၊ ခွင့်ပြုငွေ၊ လုပ်ငန်းနှင့် ပတ်သက် ဆက်သွယ် ပြောကြားနိုင်သည့် တယ်လီ ဖုန်းနံပါတ်များ စသည့် အချက်များ ပါဝင်သည့် ဆိုင်းဘုတ် စိုက်ထူ၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃)မှ ဦးစောချစ်ဦး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးလားလ်မင်းထန်တို့၏ တံတား တည်ဆောက်ရေး ဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသား လွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော စာရင်းအင်း ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို လွှတ်တော်ဥက္ကဋ္ဌက အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ၁၉၄၈ ခုနှစ်၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ်စီစဉ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင် သွင်းပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးချုပ် ခင်မောင်အေး က ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းသည်။
 ယင်းဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
 မီမီဖြိုး (သတင်းစဉ်)

No comments:

Post a Comment