Thursday, October 5, 2017

ဂန့်ဂေါခရိုင် ဆောမြို့တွင် မီးကြာလှည့်ပွဲကျင်းပ



ဆော    အောက်တိုဘာ    
           
ဝါလကင်းလွတ် သီတင်းကျွတ်ကာလတွင် မီးကြာလှည့်ခြင်းဖြင့် ဆီမီးပူဇော်ခြင်းသည် မကွေးတိုင်းဒေသကြီး ယောအရပ်ဒေသ ဖြစ်သော ဂန့်ဂေါ ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ကျော မြို့နယ်မြေဒေသရှိ ရိုးရာ ဓလေ့တစ်ခုဖြစ်ပြီး အဆိုပါ မီးကြာလှည့်ပွဲကို ဂန့်ဂေါခရိုင် ဆောမြို့ ဒက္ခိဏရာမ ရွှေစေတီကျောင်း၌ အောက်တိုဘာ ၄ ရက် ညက ကျင်းပခဲ့ကြောင်း သိရသည်။


မီးကြာလှည့်ပွဲကျင်းပနိုင်ရန် ရောင်စုံစက္ကူ၊ မှန်ရောင်စက္ကူ တို့ကို နှီးဖြင့်ပေါင်းစပ်လျက် မီးကြာခွက်များ ပြုလုပ်ခြင်း ၊ မီးကြာပန်းများ မုလေးပွားများ၊  ကြက်လျှာများ ပြုလုပ်ခြင်း၊ ဝင်္ကဘာ ဆောက်လုပ်ခြင်း အပါအဝင် အနီးပတ်ဝန်းကျင် ရပ်ကွက်/ကျေးရွာများမှ လူငယ်မောင်မယ် မီးကြာအဖွဲ့တို့ကို ပွဲတော်၌ပါဝင်ဆင်နွဲ နိုင်စေရန် ဖိတ်ကြားခြင်းတို့ကို တစ်လခန့်ကြိုတင် ဆောင်ရွက်ကြရကြောင်း သိရသည်။

မီးကြာလှည့်ပွဲမှာ ပန်းကတောင်း၊ တံခွန်ကုက္ကား မုလေးပွါး၊ ကြာပွင့်ပုံသဏ္ဍာန်ပြုလုပ်ထားသည့် မီးကြာခွက်တွင် ဖယောင်းဆီမီးတိုင်စိုက်ထူ ထွန်းညှိထားသည့် မီးကြာခွက်ကိုင်ဆောင်သည့် အမျိုးသမီးများ၊ အဆို၊အကများ ထည့်သွင်း၍ ဘုန်းတော်ကြီးကျောင်းများသို့ ဆီမီးပူဇော်ရန် စည်းကမ်းတကျ စီတန်းလှည့်လည်သွားရောက်ကြရသည့် ပွဲတော်ဖြစ်ရာ   "ယခုလို ပွဲတော်ကျင်းပရခြင်းသည် ယောဒေသရဲ့ရိုးရာဓလေ့မပျောက် ပျက်စေရန်၊ တစ်ရွာနှင့်တစ်ရွာ ချစ်ခင် ရင်းနှီး မှုကို ပိုမိုရရှိစေရန်၊  ယဉ်ယဉ်ကျေးကျေး ဆက်ဆံ တတ်ကြသည့်အပြင် စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မြဲစေရန် စတဲ့ ဦးတည်ချက်များနဲ့ ပျော်ရွှင်စရာ ပွဲတော်တစ်ခုအဖြစ် အစဉ်အဆက် ကျင်းပပြုလုပ်တဲ့ ယောဓလေ့ပွဲတော်တစ်ခု ဖြစ်ပါတယ်   " ဟု မီးကြာလှည့်ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ဦးလှရွှေ ကပြောသည်။

အဆိုပါမီးကြာလှည်ပွဲသို့ ရပ်ကွက်၊ ကျေးရွာ ၁၂ ခုတို့မှ လူငယ်မောင်မယ်များ ပါဝင်ဆင်နွှဲကြ၍ ဝင်္ကဘာ လှည့်လည်ပြီး ဆီမီးပူဇော်ကန်တော့ကြကာ ဒေသဓလေ့ အိုးစည်ဝိုင်းများပါ ထည့်သွင်းလျက် စည်ကားစွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment