အောက်တိုဘာ ၂၊ ၂၀၁၇
ရခိုင်ဒေသတွင် အကြမ်းဖက်အုပ်စု ARSA ၏
လက်ချက်ဖြင့် သေဆုံးခဲ့ရသော ဒေသခံ တိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုးများအတွက် အထူးဝမ်းနည်းကြေကွဲကြောင်းနှင့်
ကျန်ရစ်သူ မိသားစုများ ပြန်လည်ထူထောင်ရေးနှင့် ဘဝလုံခြုံရေး အစီအမံများ ဆောင်ရွက်ပေးရန်
တိုက်တွန်းကြောင်း သဘောထားကြေညာချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်မှ
အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းသဘောထားကြေညာချက်တွင် မကြာသေးမီက
ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ မောင်းတော ဒေသတွင် (ARSA) အကြမ်းဖက်အုပ်စု၏ အကြမ်းဖက်မှုလုပ်ရပ်များကြောင့်
ဒေသခံ ရခိုင်တိုင်းရင်းသားများ၊ ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် ဟိန္ဒူလူမျိုးအချို့လည်း
သေဆုံးဒဏ်ရာရခဲ့ကြကြောင်း။
အဆိုးဝါးဆုံးဖြစ်ရပ်မှာ ဟိန္ဒူလူမျိုးများ
ရွာလုံးကျွတ် အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံခဲ့ရကြောင်း။ ဟိန္ဒူလူမျိုးအချို့ကိုလည်း
တဖက်နိုင်ငံသို့ အလိုမတူဘဲ ခြိမ်းခြောက် ခေါ်ဆောင် သွားခဲ့ကြကြောင်း။
ထိုသို့ပြုမူခြင်းအတွက် (ARSA) အကြမ်းဖက်အုပ်စုကို
ပြင်းထန်စွာ ရှုံ့ချကြောင်း။ အဆိုပါလုပ်ရပ် အတွက် မြန်မာနိုင်ငံအတွင်းရှိ ဟိန္ဒူဘာသာဝင်များက
သေဆုံးသူများ၏ မိသားစုများနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း။
မိသားစုဝင်များ လူမဆန်စွာ ရက်ရက်စက်စက်
အသတ်ခံရသည်ကို မျက်ဝါးထင်ထင် တွေ့မြင် ခဲ့ရပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ
ထိခိုက်အနာတရ ဖြစ်ရသော ကျန်ရစ်သူ မိသားစုများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို
နိုင်ငံတော်အစိုးရနှင့် ပူးတွဲလုပ်ကိုင်လိုပါကြောင်း။
ဤအကြမ်းဖက်ဖြစ်စဉ်ကို မျက်ကွယ်ပြုကာ ရေးသားပြောဆိုနေကြသော
နိုင်ငံတကာ အဖွဲ့အစည်း အချို့နှင့် နိုင်ငံခြားသတင်းမီဒီယာအချို့ကိုလည်း ပြတ်ပြတ်သားသား
ဝေဖန်ရှုံ့ချကြောင်း။
ထို့အပြင် နိုင်ငံခြားမီဒီယာအချို့သည်
ဟိန္ဒူလူမျိုးများကို “ရိုဟင်ဂျာဟိန္ဒူ”
ဟူသော
ဝေါဟာရ အသစ်အဖြစ် ခေါ်ဆိုနေကြသည်ကို သတိထားမိပါကြောင်း။
ထိုဝေါဟာရသည် မြန်မာနိုင်ငံရောက် ဟိန္ဒူဘာသာဝင်များ၏
သမိုင်းကြောင်းနှင့် ဟိန္ဒူဗဟို ကောင်စီစည်းမျဉ်းပါ လူမျိုး (၁၀) မျိုးတွင် ပါဝင်ခြင်းလည်း
မရှိကြောင်း။
လူတချို့က ပြည်ပနိုင်ငံများကို လှည့်ဖြားရန်အတွက်
လုပ်ကြံဖန်တီးထားသော စကားဖြစ်သဖြင့် ထိုသို့ ခေါ်ညွှန်းသုံးစွဲခြင်း မပြုရန် တိုက်တွန်းအပ်ပါကြောင်း။
မြန်မာနိုင်ငံရှိ ဘာသာပေါင်းစုံနှင့်
အမြဲအေးချမ်းစွာ အတူယှဉ်တွဲနေထိုင်လေ့ရှိသော ဟိန္ဒူလူမျိုးများ သည် ယခုဖြစ်စဉ်များကို
ဘာသာတစ်ခုမှ နောက်ဘာသာတစ်ခုသို့ ပြုလုပ်သည်ဟု မမြင်ပဲ အကြမ်းဖက် ၀ါဒကြောင့် အပြစ်မဲ့ပြည်သူများ
သေကြေဒုက္ခရောက်ရသည်ဟု ရှုမြင်ပြီး ဘာသာပေါင်းစုံမှ ညီအစ်ကို မောင်နှမများနှင့် အမုန်းမပွား
မေတ္တာမပျက် ဆက်လက်နေထိုင်ရန် တိုက်တွန်းအပ်ပါကြောင်း။
မြန်မာနိုင်ငံတ၀ှမ်းလုံးက ဟိန္ဒူဘာသာဝင်များသည်
မိမိတို့နေထိုင်ရာ မြို့ရွာများရှိ ဘုရားကျောင်း များ၊ အသင်းအဖွဲ့များတွင် ယခုလို ဆုတောင်းပွဲနည်းတူ
ဆုတောင်းပွဲများကို ပြုလုပ်ကြပါရန်နှင့် မိမိတို့ မှီတင်းနေထိုင်ရာ တိုင်းပြည်အပေါ်
သစ္စာစောင့်သိကာ နိုင်ငံတကာသတင်းဌာနများက မေးမြန်းလာသည့် အခါ အမှန်တရားကိုသာ ရဲရဲဝံ့ဝံ့
ပြောဆိုအသိပေးကြရန် တိုက်တွန်းအပ်ပါကြောင်း။
သို့ဖြစ်ပါ၍ ယခုနှစ်တွင် ကျင်းပမြဲဖြစ်သော
ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီပွဲတော်ကို ယခင်နှစ်များ ကဲ့သို့ ပျော်ပွဲရွှင်ပွဲများနှင့်
တစ်ခမ်းတစ်နားမဆောင်ရွက်ဘဲ မိမိတို့၏ ဓလေ့ထုံးစံနှင့်အညီသာ ဘုရားရှိခိုး ပူဇော်ကြရန်
တိုက်တွန်းအပ်ပါကြောင်း ဟု ဖော်ပြပါရှိသည်။

No comments:
Post a Comment