Thursday, September 28, 2017

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ဒိန်းမတ်သံအမတ်ကြီး၊ WFP နှင့် World Bank တို့မှ သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၂၇
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E Mr. Peter Lysholt Hansen က စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖေါ်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးလိုပါကြောင်း၊ National Varification Process နှင့်ပတ်သက်၍ ပိုမိုကျယ်ပြန့်သော အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်သင့်ပါကြောင်း၊ နေရပ်ပြန်လာသောသူများအတွက် ပြန်လည်နေရာချထားရေး ကိစ္စရပ်များအား သိလိုပါကြောင်း၊ ဒေသတွင်းနေရပ်စွန့်ခွာရွှေ့ ပြောင်းသူများအား မူလနေရာများတွင် ပြန်လည် အခြေချနေထိုင်နိုင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်နေမှုများအားသိရှိပြီး လိုအပ်သော အကူအညီ များပေးလိုပါကြောင်း၊ ရခိုင်ပြည်နယ်ရှိလူမှုအသိုင်းအ၀ိုင်းအား အကာအကွယ်နှင့် လုံခြုံရေးပေးမည့်ကိစ္စ များဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်းမှလိုအပ်သော အကူအညီများပေးအပ်လိုပါကြောင်း၊ လက်ရှိ ကျန်ရှိနေသောကျေးရွာများနှင့် ပြည်သူများအား အကာအကွယ်ပေး၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့်စေလိုပါကြောင်း၊ အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ကူညီလိုပါကြောင်း၊ အတူတကွ လုပ်ဆောင်လိုပါကြောင်း၊ UN/INGOs အဖွဲ့ အစည်းများမှ လည်းကူညီပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊ ASEAN နိုင်ငံများမှအကူအညီများ ပေးနေမှုအား သိရှိဝမ်းမြောက်ပါကြောင်း ဆွေးနွေးခဲ့သည်။  
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံပါဝင်သော နည်းလမ်းများဖြင့် အဖြေရှာဆောင်ရွက် နေပါကြောင်း၊ နေရပ်သို့ ပြန်လာသူများအတွက် National Verification Process ဖြင့်စနစ်တကျ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ၁၉၉၃ခုနှစ် မြန်မာ - ဘင်္ဂလား ဒေ့ရှ် (၂) နိုင်ငံ သဘောတူညီချက်အရနေရပ်ပြန်လာသူများ ကိစ္စအားဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာ ရေး၊ လျှပ်စစ်ဓါတ်အားနှင့်လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဦးစားပေး ထောက်ပံ့အကောင် အထည်ဖေါ်သွားမည်ဖြစ်ကြောင်း၊ လူမှု/စီးပွား ဖွံ့ဖြိုးတိုးတက်စေရေး အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများ၏ စာရင်းအားသက်ဆိုင်ရာ နိုင်ငံနှင့်အဖွဲ့ အစည်းများအားပေးအပ်ပြီး ဖြစ်ပါကြောင်း၊ ဖြစ်ရပ်တစ်ခုလုံးအားခြုံငုံသုံးသပ်၍ ဦးစားပေးအစီအစဉ်များ ရေးဆွဲ အကောင်အထည် ဖော်သွားမည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအတွက် လုံခြုံရေး၊ အသက်အိုးအိမ် စည်းစိမ်များ ကာကွယ်နိုင်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်နေပါကြောင်း၊ သတင်းအမှန်များရရှိပြန့်ပွားစေရေးကူညီ ဆောင်ရွက် ပေးစေလိုကြောင်းဆွေးနွေးခဲ့ကြသည်။        
ဆက်လက်၍ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ WFP မှ Country Director and Representative/ Deputy Humanitarian Coordinator ဖြစ်သူ Mr. Dom Scalpelli က လာရောက်တွေ့ဆုံရာတွင် ရခိုင်ဒေသတွင် WFP ၏ လုပ်ငန်းများကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့်ညှိနှိုင်း၍ ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် ဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းများအား ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တိုးချဲ့ဆောင်ရွက်လိုပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအကောင်အထည်ဖေါ်ရာတွင် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်က ဆောင်ရွက်နေသောလူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းအဖွဲ့ဝင်အဖြစ်လည်း ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် လူသားချင်းစာနာကူညီမှုဆိုင်ရာ လုပ်ငန်းများအား Red Cross Movement နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး နည်းလမ်းရှာဖွေသွားမည် ဖြစ်ပါကြောင်း၊ ASEAN နိုင်ငံများအနေဖြင့် ကူညီဆောင်ရွက်ပေးမှုများအား သိမြင်ဝမ်းမြောက်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ပြောကြားရာတွင် နိုင်ငံတော် အစိုးရသည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်နေကြောင်း၊ လူသားချင်း စာနာကူညီမှု လုပ်ငန်းများအား လိုအပ်သောနေရာတွင် ထိရောက်စွာဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ကမ္ဘာ့ဘဏ် Director for Myanmar, Cambodia and Lao PDR ဖြစ်သူ Mr. Ellen Goldstein က ကလေးသူငယ်နှင့် မိခင်များဆိုင်ရာအာဟာရပြည့်စုံမှုသည် အရေးကြီးပါကြောင်း၊ အာဟာရဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖေါ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးက အစိုးရသည် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်ညီသော လူ့ဂုဏ်သိက္ခာ အပြည့်အ၀ရရှိနိုင်သော လူမှုအသိုင်းအ၀ိုင်းတစ်ရပ် ပေါ်ပေါက်လာစေရန် ကြိုးစားဖြည့်ဆည်းပေးနေပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းပါးသော နာဂဒေသ၊ ချင်းနှင့် ရခိုင်ဒေသများတွင် ဦးစားပေးလုပ်ငန်းများ ရွေးချယ်ဆောင်ရွက် စေလိုပါကြောင်း၊ World Bank ၏ အာဟာရဆိုင်ရာစီမံကိန်းစီမံကိန်း အားအသေးစိတ်သိလိုပါကြောင်း၊ အာဟာရဆိုင်ရာလုပ်ငန်းများ သည်နိုင်ငံတော်၏ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာမဟာဗျူဟာတွင် အရေးပါသောလုပ်ငန်း တစ်ခုဖြစ်ပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ အာဟာရ၊ တကိုယ်ရည်သန့်ရှင်းမှုနှင့် မိသားစု ဆိုင်ရာစီမံ ကိန်းများတိုးမြှင့်ဆောင်ရွက် စေလိုပါကြောင်းနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအကြမ်းဖက်ခံရမှု ကိစ္စများကို ရှင်းလင်းဆွေးနွေးပြီး၊ ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ကူညီပေးလျက်ရှိပါကြောင်း၊ တိမ်းရှောင်သူများ ပြန်လည်လက်ခံရေး လုပ်ငန်းများစတင်မည်ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment