Friday, September 22, 2017

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း အမေရိကန်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ IFRC နှင့် ICRC တို့မှ ကိုယ်စားလှယ်များနှင့် သီးခြားစီတွေ့ဆုံ

နယူးယောက် စက်တင်ဘာ ၂၂
နယူးယောက်မြို့တွင် ကျင်းပလျက်ရှိသည့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လျက် ရှိသော ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် တရုတ် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၊ အမေရိကန်နိုင်ငံ အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ms. Susan Thornton ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmud Ali တို့နှင့် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် သီးခြားစီတွေ့ဆုံခဲ့သည်။


အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြားရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းကာ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်သည် အမေရိကန်နိုင်ငံ အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Ms. Susan Thornton နှင့် စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းတွင် နယူးယောက်မြို့ရှိ မြန်မာ အဖွဲ့ရုံး၌ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်မှု ဖြစ်စဉ်နောက်ပိုင်း အခြေအနေပြန်လည် တည်ငြိမ်စပြုလာရာ စက်တင်ဘာ ၆ ရက်မှစ၍ လက်နက်ကိုင်တိုက်ခိုက်မှုများ ရပ်စဲသွားခဲ့ခြင်း၊ ထိခိုက်ခံခဲ့ရသည့် လူ့အသိုက်အဝန်းများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပဏာမဦးစားပေးအနေဖြင့် လျင်မြန် ထိရောက်စွာ ပေးအပ်လျက်ရှိခြင်းနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်လျက်ရှိသည့် အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့သည်။
အလားတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်သည် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြားရှိ မည်သည့်ကိစ္စရပ်ကိုမဆို နှစ်နိုင်ငံအဆင့်တွင်ထိတွေ့ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အဖြေရှာသွားရန်၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့ပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဦး သောင်းထွန်းသည် နယူးယောက် မြို့ရှိ International Federation of Red Cross and Red Crescent (IFRC) မှ အထွေထွေအတွင်းရေးမှူး Mr.Elhaji As Sy နှင့် စက်တင်ဘာ ၂၀ ရက်တွင် လည်းကောင်း၊ International Committee of the Redcross (ICRC) ဥက္ကဌ Mr. Peter Maurer နှင့် စက်တင်ဘာ ၂၁ ရက်တွင်လည်းကောင်း တွေ့ဆုံ၍ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးအပ်ရာ၌ ကြက်ခြေနီလှုပ်ရှားမှုတွင်ပါဝင်သည့် IFRC၊ ICRC တို့နှင့်ပူးပေါင်း ဆောင်ရွက်နေသည့် အခြေအနေများကိုဆွေးနွေးခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment