Friday, September 22, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းကို ကြည့်ရှုစစ်ဆေး

ဖြူး စက်တင်ဘာ ၂၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီး ဦးအောင်ဇော်နိုင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်တို့နှင့်အတူ ယနေ့နံနက် ၈ နာရီခွဲတွင် ဖြူးချောင်းရေလှောင်တမံဘက်စုံ စီမံကိန်းသို့ရောက်ရှိပြီး ဖြူးချောင်းရေ လှောင်တမံနှင့် ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယသမ္မတသည် တမံရှုရပ်မှ ဖြူးချောင်းရေလှောင်တမံကို ကြည့်ရှုသည်။
ထို့နောက် ဒုတိယသမ္မတသည် ဖြူးချောင်းရေလှောင်တမံဘက်စုံ စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲဆည်ရေသောက်စနစ် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဖြူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံဆိုင်ရာ အခြေအနေများ ကိုရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ချက် စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍လည်း စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေကြရမည်ဖြစ်ကြောင်း၊ ဖြူးချောင်းရေလှောင်တမံသည် ဆည်ရေသောက် ဧရိယာ ၉၀၀၀၀ ဧက ရေပေးဝေနိုင်ရေးလျာထားဆောင်ရွက်လျှက်ရှိရာ ယခုအချိန်အထိ ၁၆ ဒဿမ ၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်သဖြင့် ကျန်လုပ်ငန်းများကို စီမံချက်အတိုင်းနှစ် အလိုက်လျာထား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ဒေသခံတောင်သူများ ဆည်ရေကို အကျိုးရှိစွာအသုံးချနိုင်ရန်အတွက် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအနေဖြင့် မိုးတွင်းကာလအတွင်းရေအား လျှပ်စစ်မှ ရရှိလာသည့် လျှပ်စစ်ဓာတ်အားများကို အပြည့်အ၀အသုံးချသွားရန်နှင့် အလေအလွင့်မရှိအောင် ထိန်းသိမ်းသွားရန် လိုအပ်ပါကြောင်း၊ စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ၀န်ထမ်းများနှင့် မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် သက်သာချောင်ချိရေးတို့ကို ထိုက်သင့်သလို ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအတွင်း စက်များတပ်ဆင်မောင်းနှင် ထားရှိမှု၊ လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုနှင့် ဓာတ်အား ဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ၂၀ မဂ္ဂါဝပ်ရှိသည့် ဓာတ်အား ပေးစက် ၂ လုံးတပ်ဆင်ထားပြီး စုစုပေါင်း ၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ကာ မိုးရာသီတွင် စွမ်းအားပြည့်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment