နေပြည်တော်
စက်တင်ဘာ ၂၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင်များအား
ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌တွေ့ဆုံ၍
လမ်းညွှန်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး
ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊
ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေး၊
ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယ ၀န်ကြီးများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်
များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဝင် များတက်ရောက်ကြသည်။
ပထမဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ရောက်ရှိနေသူများနှင့် စပ်လျဉ်း၍ ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ်
သဘောတူညီချက်နှင့်အညီ ပြန်လည်စိစစ်လက်ခံရန် ပြောကြားထားပြီး ဖြစ်ကြောင်း၊ ထိုသို့ လက်ခံရာတွင်
စိစစ်မှုများလုပ်ဆောင်မည့် လုပ်ငန်းစဉ်၊ လက်ခံမည့် နေရာသတ်မှတ်ချက်၊ စိစစ်လက်ခံရေးအဖွဲ့
ဖွဲ့စည်းဆောင်ရွက်ရေး၊ စိစစ် လက်ခံပြီးနောက် ယာယီနေရာချထားရေးအစီအစဉ်နှင့် ပြန်လည်နေရာချထားမည့်
အစီအစဉ်၊ တစ်ချိန်တည်းမှာပင် ARSA အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွါ ထွက်ပြေး
တိမ်းရှောင်နေရသည့် ရခိုင်တိုင်းရင်းသားများနှင့် မြို၊ ဒိုင်းနက်၊ မရမာကြီး စသည့်
ဌာနေတိုင်းရင်းသား များအား ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ၊ လူနည်းစု ဟိန္ဒူ ဘာသာဝင်များအား
ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များ စသည်တို့ကို စနစ်တကျ အမြန်ဆုံးဆောင်ရွက်နိုင်ရန်
အရေးကြီးကြောင်း၊ ယာယီနေရာချထားရေး၊ ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့်
ရေရှည်ဖွံ့ဖြိုးရေးကို ထည့်သွင်းစီမံ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် အဖွင့်အမှာစကား
ပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့်
ပြည်ထောင်စု ၀န်ကြီးများနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်
ဆောင်ရွက်ရေးကော်မတီဝင်များက အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို
ဖြည့်စွက်တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပေါင်းစပ် ညှိနှိုင်းပေးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က
အစည်းအဝေးသဘောတူ ဆုံးဖြတ်ချက်များကို အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်ရန်မှာကြားပြီး
အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။
ယနေ့ကျင်းပပြုလုပ်သော အစည်းအဝေးတွင် နေရပ်စွန့်ခွါ
တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများအား ပြန်လည်နေရာချထားရေးတွင် မြို၊ ဒိုင်းနက်
စသည့် ဌာနတိုင်းရင်းသားများလည်း ပါဝင်လျက်ရှိရာ တိုင်းရင်းသားများ၏ ဓလေ့၊ ထုံးတမ်း၊
ယဉ်ကျေးမှုဆိုင်ရာများကိုပါ မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ရေးအတွက်ပါ ရည်ရွယ်၍
UN-Habitat - United Nations Human Settlements
Programme ထံမှ အကြံဥာဏ်များ ရယူနိုင်ရေးဆောင်ရွက် သွားရန်၊ ပြန်လည်လက်ခံမည့် ဘင်္ဂလားဒေ့ရှ်
နိုင်ငံသို့ ရောက်ရှိနေသူများအား ၁၉၉၃ ခုနှစ် သဘောတူညီချက်ကို အခြေခံ၍ စိစစ်မှုများ
စနစ်တကျ ဆောင်ရွက်ရန်နှင့် ပြန်လည်စိစစ်လက်ခံရေး အဖွဲ့တစ်ဖွဲ့ အမြန်ဆုံး ဖွဲ့စည်းဆောင်ရွက်ရန်၊
ယာယီနေရာချထားပြီးနောက် ပြန်လည်နေရာ ချထားရာတွင် မူလကထက် ပိုမိုအဆင်ပြေ နိုင်ရေး၊ ရေရှည်ဖွံ့ဖြိုးရေးကိုပါ
ခြုံငုံ ပါဝင်စေမည့် အစီအစဉ်အား UN-Habitat ထံမှ အကြံဥာဏ်များ ရယူဆောင်ရွက်ရန်၊ မောင်တောဒေသအတွင်း
လမ်းကွန်ရက်များစနစ်တကျ ရေးဆွဲဆောင်ရွက်ရာတွင် လျှပ်စစ်ဓါတ်အားလိုင်းများ၊ ရေမြောင်းစနစ်များ၊
စာသင်ကျောင်း၊ ဆေးရုံနှင့် ရဲကင်းစခန်းများ စသည်တို့ကိုပါ ထည့်သွင်း၍ ဒေသဖွံ့ဖြိုးရေးနှင့်
ယှဉ်တွဲ ဆောင်ရွက်ရန်၊ ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းခံရသည့် တမန်းသားကျေးရွာမှ
ပျောက်ဆုံးနေသာ ဟိန္ဒူဘာသာဝင် ၉၃ ဦး အခြေအနေ အမြန်ဆုံး သိရှိနိုင်ရန်အတွက် ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်ရန်၊
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်းတွင် အသက်မသေဘဲရောက်ရှိနေသည်
ဟု သတင်း ထွက်ပေါ်နေရသော ဟိန္ဒူဘာသာဝင်အမျိုးသမီး ၆ ဦးနှင့် ကလေးငယ် ၃ ဦးတို့အား မြန်မာနိုင်ငံသို့
ပြန်လည်ခေါ်ယူနိုင်ရေး နယ်ခြားစောင့်တပ်များ အချင်းချင်း တောင်းခံ ထားပြီး ဖြစ်သော်လည်း
သံတမန်လမ်းကြောင်းမှတစ်ဆင့်လည်း ထပ်မံ တောင်းခံသွားရန်၊ အကြမ်းဖက်မှုတွင် ပါဝင်သူများအား
အရေးယူနိုင်ရေးဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ညှိနှိုင်းရန်၊ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏
အမည်စာရင်းအား ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့သွားရန်တို့ကို
ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် နယ်ခြားဒေသလုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း
ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ရန်အတွက် ဖိတ်ကြားထား သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်ထဲရေး ဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ
အဆင်မပြေသဖြင့် ခရီးစဉ်မတိုင်မီ ရွေ့ဆိုင်းထားခဲ့ရသောကြောင့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး
ဝန်ကြီးအား ထပ်မံဖိတ်ကြားရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး၏ မြန်မာနိုင်ငံ
ခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ် ရဲချုပ် အတူလိုက်ပါနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
ရဲချုပ်ကလည်း သီးခြားဖိတ်ကြားထားခဲ့သဖြင့်
ထပ်မံ ဖိတ်ကြားရန်နှင့် လာမည့် သီတင်းပတ် အတွင်း မြန်မာနိုင်ငံရှိ သံတမန်များအား မောင်တောဒေသသို့
ပို့ဆောင်ပေးနိုင်ရေး အစီအမံများ ဆက်လက် ဆောင်ရွက်ရန် စသည်တို့ကိုလည်း သဘောတူဆုံးဖြတ်ခဲ့ကြောင်း
သိရသည်။

No comments:
Post a Comment