Saturday, September 23, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ မြန်မာသတင်းပညာ သိပ္ပံသင်တန်းဆင်းပွဲ တက်ရောက်အားပေး


ရန်ကုန် စက်တင်ဘာ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရုံး၌ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့ သောအကြမ်းဖက်မှု ဖြစ်စဉ်များအပေါ် နိုင်ငံတကာ မီဒီယာအဖွဲ့များ၏ ရပ်တည်ချက် မတူညီမှု၊ အမြင်မတူညီမှုတို့တွင် လုပ်ကြံသည့် သတင်းများဖြင့် နိုင်ငံရေးကိစ္စတွင် မီဒီယာကို တလွဲအသုံးပြုမှုများ တွေ့ရှိရပါကြောင်း၊ သတင်းအလိမ်အညာ များကို စောင့်ကြပ်ကြည့်ရှုပြီး ခွဲခြားနိုင်မည့် သတင်းစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ (Media Monitoring Committee) ကို သတင်းမီဒီယာ ကောင်စီမှ ဖွဲ့စည်းလုပ်ဆောင်မည့် အစီအမံအပေါ် ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  သတင်းမီဒီယာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက မီဒီယာများ အနေဖြင့်လည်း စတင်ဖွဲ့စည်း လုပ်ဆောင်ချိန်မှစပြီး မည်မျှ စွမ်းဆောင်နိုင်သည် ၊ တိုးတက်နိုင် မှုရှိသည်၊ မည်သည့် နေရာများတွင် အားနည်းမှုများ ရှိနေသည် စသဖြင့် မိမိအဖွဲ့ အစည်းကို မိမိ သုံးသပ်ပြင်ဆင်မှုများ ပြုလုပ်သင့် ပါကြောင်း၊   သတင်းမီဒီယာ အဆင့် အတန်း ဖွံ့ဖြိုး တိုးတက်စေရန်အတွက် မည်သည့် အချက်များ ဆောင်ရွက်သင့်သည်ကို တိတိကျကျ ဖြစ်စေရေး ၀ိုင်းဝန်းစဉ်းစား ဖော်ထုတ် လုပ်ဆောင်ရေးကိုလည်း လုပ်ဆောင်ကြစေလိုပါကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာသတင်းမီဒီယာ ကောင်စီတို့မှ တာဝန်ရှိသူများ ကမြန်မာနိုင်ငံမှ သတင်းမှန်များ နိုင်ငံတကာသို့ ပျံ့နှံ့စေရေး၊ ပူးပေါင်း ဆောင်ရွက်ရန် အစီအစဉ်များ ရေးဆွဲ ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။  
တွေ့ဆုံပွဲသို့ ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီမှ ဒုတိယဥက္ကဋ္ဌ နှစ်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည့် မြန်မာသတင်းပညာသိပ္ပံမှ ဖွင့်လှစ်သော တတိယအကြိမ် မြောက် အချိန်ပြည့်နှင့် အချိန်ပိုင်း မာလ်တီ မီဒီယာ သတင်းပညာ ဒီပလိုမာ သင်တန်း  (၂၀၁၇)သင်တန်း ဆင်းလက်မှတ် ချီးမြှင့်ပွဲ အခမ်းအနား သို့ တက်ရောက်သည်။
အခမ်းအနားတွင် မြန်မာသတင်းပညာ သိပ္ပံမှ အမှုဆောင် ဒါရိုက်တာ ဦးသီဟစော က အဖွင့်အမှာ စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိမိတို့နိုင်ငံ၏ သတင်း လောကတွင် အများစုသည် စာပေနယ်ထဲမှ သတင်းလောကသို့ ရွေ့ပြောင်းလာပြီး လုပ်ကိုင်ဆောင်ရွက်ရင်း၊ လေ့လာရင်း၊ သင်ယူရင်းဖြင့် တတ်မြောက်ကြရပါကြောင်း၊ ယခုကဲ့သို့ စနစ်တကျ သင်တန်းများဖြင့် မီဒီယာလောကထဲသို့ ၀င်မည့် လူငယ်၊ လူသစ်များ ပေါ်လာသည်မှာ အားရစရာ ဖြစ်ပါကြောင်း၊ မီဒီယာသမားများသည် မီဒီယာနှင့် ပတ်သက်သည့် အခြေခံများကို ကျွမ်းကျင်ရန် လိုအပ်သလို မီဒီယာကျင့်ဝတ်ကိုလည်း လေးစားလိုက်နာရန် လိုအပ်ပါကြောင်း  ပြောကြားသည်။
ယင်းနောက် မာလ်တီမီဒီယာ သတင်းပညာသင်တန်းတွင် လက်တွေ့ သတင်းလိုက်၊ သတင်းရေးသား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည့် ပုံနှိပ်မီဒီယာ၊ ရုပ်သံနှင့် အွန်လိုင်းမီဒီယာ ဆောင်ရွက်ခဲ့မှု ဗွီဒီယို ဖိုင်ကို တင်ဆက်ပြသသည်။
မာလ်တီမီဒီယာ သတင်းပညာ ဒီပလိုမာသင်တန်းတွင် အခြေခံ သတင်းစာပညာ၊ ရေဒီယို သတင်း ပေးပို့ခြင်း၊ သတင်းဓါတ်ပုံ ရိုက်ကူးခြင်း၊ ဒစ်ဂျစ်တယ် မီဒီယာဖြင့် ရုပ်သံ သတင်းပေးပို့ခြင်း၊ သတင်းစာ ကျင့်ဝတ်နှင့် မီဒီယာ ဥပဒေ ၊ သဘာဝ ပတ်ဝန်းကျင် သတင်း ရေးသားခြင်း၊ သတင်းသရုပ်ဖော် ဆောင်းပါးရေးသားခြင်း၊ ဗွီဒီယိုကင်မရာ၊ အသံဖမ်းစက်၊ ကင်မရာလက်တွေ့ ကိုင်တွယ်အသုံးပြုပုံ များကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း ယူနက်စကို အသိအမှတ်ပြု သင်ရိုး ညွှန်းတမ်းများကို ပြည်တွင်းမှ ကျွမ်းကျင်သူများသာမက ပြည်ပမှ ကျွမ်းကျင် သင်တန်းဆရာများက စာတွေ့ ၊ လက်တွေ့ သင်ကြားပေးလျှက်ရှိသည်။
ယနေ့ တတိယအကြိမ်မြောက် အချိန်ပြည့်၊ အချိန်ပိုင်း မာလ်တီမီဒီယာသတင်း ပညာ ဒီပလိုမာ သင်တန်း(၂၀၁၇)တွင် သင်တန်းသား၊ သင်တန်းသူ ၃၂ ဦး သင်တန်းဆင်း အောင်လက်မှတ်ပေးအပ် နိုင်ခဲ့သည်။
မြန်မာသတင်းပညာ သိပ္ပံကို ၂၀၁၄ ခုနစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျာနယ်လစ် အတွေ့အကြုံနည်း သူများနှင့် အတွေ့အကြုံ မရှိသူများအတွက် အချိန်ပြည့် ဒီပလိုမာသင်တန်း၊ လုပ်ငန်းခွင်ဝင်နေ ကြသည့် ဂျာနယ်လစ်များအတွက် အချိန်ပိုင်း ဒီပလိုမာ သင်တန်းနှင့် ရက်တို သင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးလျှက်ရှိသည်။ မြန်မာ သတင်းပညာသိပ္ပံမှ ဒီပလိုမာ ရက်တိုနှင့် ဆရာဖြစ် သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၇၀၀  ၊ မာလ်တီ မီဒီယာသတင်း ပညာသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၂၀ တို့ကို ဒီပလိုမာ သင်တန်းဆင်းအောင် လက်မှတ်ပေးအပ်နိုင် ခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment