ရန်ကုန် စက်တင်ဘာ ၂၃
ပညာရေးဝန်ကြီးဌာန၊
အဆင့်မြင့်ပညာ ဦးစီးဌာန၊ အင်္ဂလိပ်ဘာသာစကား အမျိုးသား ဗဟိုဌာနနှင့် ရန်ကုန်မြို့
British Council တို့ ပူးပေါင်း ကျင်းပသည့် 18th Annual English Language Teaching
Conference 2017 ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ်ရှိ
Recreation Centre ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့်
British Council မှ Country Director နှင့် Director of English တို့က အမှာစကား ပြောကြားသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အခြေခံ ပညာကဏ္ဍ၊ စက်မှု သက်မွေး ပညာကဏ္ဍနှင့်
အဆင့်မြင့်ပညာ ကဏ္ဍများတွင် ဆရာ၊ ကျောင်းသားများ၏ အင်္ဂလိပ်စာ အရည်အသွေး မြင့်မားစေရန်
British Council နှင့် ပူးပေါင်းပြီး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆရာ
ကျောင်းသား အင်္ဂလိပ်စာ အရည်အသွေး မြင့်မားလျှင် နက်နဲသော သင်ယူ လေ့လာမှုများ
ပိုမိုပြုလုပ်နိုင်ကာ ပညာရေး မြင့်မားလာနိုင်မည် ဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာနသည်
ဗြိတိန် အစိုးရ၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးဌာန၏ အထောက်အပံ့ဖြင့် ဗြိတိသျှ
ကောင်စီနှင့် ပူးပေါင်းကာ ၂၀၁၄ ခုနှစ်မှ စတင်၍ ပညာရေး တက္ကသိုလ်များနှင့် ပညာရေး ကောလိပ်များမှ
ဆရာ ဆရာမ ဦးရေ(၂)ထောင် ကျော်ကို EFECT အစီအစဉ်ဖြင့် အင်္ဂလိပ်စာအရည် အသွေး မြှင့်တင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊
ဆက်လက်၍ ဗြိတိသျှကောင်စီနှင့် ပူးပေါင်းကာ နောင်(၅)နှစ် အတွင်း ပညာရေး မြှင့်တင်မှုများ
ဆောင်ရွက်ရန် ညှိနှိုင်းလျက် ရှိပါကြောင်း၊ အဆင့်မြင့် ပညာကဏ္ဍ ကျောင်းသား ကျောင်းသူအရေအတွက်
ထက်ဝက်ခန့်မှာ အဝေးသင် တက္ကသိုလ်များတွင်တက် ရောက်လျက်ရှိသဖြင့် အဝေးသင်ပညာရေး အရည်အသွေး
မြင့်မားရေးအတွက် ဗြိတိန် အစိုးရ၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးဌာနနှင့် ဗြိတိသျှကောင်စီတို့၏
အကူအညီဖြင့် SPHEIR အစီ အစဉ်ကို အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ အင်္ဂလိပ်စာ
အရည် အသွေး မြှင့်တင်ရေးအတွက် ယခုထက်ပိုမို ပူးပေါင်း ဆောင်သွား ကြမည်ဖြစ်ကြောင်း၊
ယနေ့အင်္ဂလိပ်စာ သင်ကြားရေး ညီလာခံသည် မြန်မာနိုင်ငံရှိ အင်္ဂလိပ်စာသင်ကြားသူ ဆရာ
ဆရာမများ၏ အတွေ့ အကြုံများကို ဖလှယ်နိုင်မည့် အခွင့်အရေးကောင်း ဖြစ်သဖြင့် ရရှိသော
အခွင့်အရေးကို အသုံးချ သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် Cambridge
University Press (Southeast Asian Region) မှ Mr.Allen Davenport က "ELT as
a Source for 21st Century Skills" နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ELT Conference
ကို အစီအစဉ်အတိုင်း ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်၌ ဆက်လက် ကျင်းပသည်။ အဆိုပါ 18th
Annual English Language Teaching Conference 2017 ကို စက်တင်ဘာ ၂၄ ရက်နေ့အထိ ၂
ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment