Saturday, September 30, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကမ္ဘာ့ဘဏ်၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဌ လာရောက် တွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၉
ကမ္ဘာ့ဘဏ်၏  အာရှ-ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဌ ဖြစ်သူ Ms. Victoria Kwakwa ဦးဆောင်သော အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ၀န်ကြီးရုံး၊ မေခလာ ခန်းမ၌ လာရောက် တွေ့ဆုံသည်။

တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေး အစီအစဉ်အရ ကိုယ်ဝန်ဆောင် မိခင်နှင့် ၄င်းမှမွေးဖွားသော ကလေး(၂)နှစ် အရွယ်ထိ အာဟာရ ဖြည့်တင်းရေး အစီအစဉ်များတွင် ကမ္ဘာ့ဘဏ်က ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြုမှု အခြေ အနေများ၊ ကမ္ဘာ့ဘဏ်က လွန်ခဲ့သည့်(၅)နှစ်မှ စတင်၍ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်လုပ်ကိုင်ပြီး ယခုအခါ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့အတွက် ဌာနေ ကိုယ်စားလှယ် ခန့်ထား ဆောင်ရွက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတကာမှ အထူးစိတ်ဝင်စား စောင့်ကြည့် လျက်ရှိသည့် အခြေအနေများ ကမ္ဘာ့ဘဏ်အဖွဲ့ ကဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးက ဒုက္ခခံစားရသူအားလုံးကို လွှမ်းခြုံနိုင်ရန် နိုင်ငံတကာမှ ထောက်ပံ့မှုများကို ကြက်ခြေနီ လှုပ်ရှားမှု(Red CrossMovement)ဖြင့် ဖြန့်ဝေကူညီ ဆောင်ရွက်နေမှုများ၊ စက်တင်ဘာ (၁၂)ရက်တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖေါ်ရေး ကော်မတီ ဖွဲ့စည်းပြီး ယခုအချိန်ထိ ညှိနှိုင်း အစည်းအဝေး(၃)ကြိမ်နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးမှု(၁)ကြိမ် ဆောင်ရွက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက် လက်တွေ့တွင် အကျိုးရှိနိုင်မည့် ဦးစားပေး ဆောင်ရွက်ရန် ကိစ္စများ ဖေါ်ထုတ်ပြီး မဟာဗျူဟာ စီမံချက်ရေးဆွဲ၍ အကြံပြုချက်များ အကောင် အထည် ဖေါ်နိုင်ရန် ဆောင်ရွက်မှု အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများအား ၁၉၉၃ခုနှစ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြန်လည်ခေါ်ယူရေး၊ လက်ရှိရပ်ရွာများ လုံခြုံ တည်ငြိမ် စေရေးနှင့် လူသားချင်း စာနာကူညီမှုနှင့် ပြန်လည်နေရာချထားရေးတို့ အတွက်မြန်မာ အစိုးရမှ စနစ်တကျ စီမံချက်ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကိုဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment