နေပြည်တော်
စက်တင်ဘာ ၂၈
ဒုတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း
ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊
မော်စကိုမြို့၌ စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်း ဦးဆောင်၍ အစိုးရနှင့် ပုဂ္ဂလိက ကိုယ်စားလှယ်အဖွဲ့ဝင် (၁၂)ဦး တက်ရောက်ခဲ့ကြောင်း
သိရသည်။
အဆိုပါ ကော်မရှင်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံဘက်မှ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E. Mr. Maksim Oreshkin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည်
နှစ်နိုင်ငံအကြား ဥပဒေ ဆိုင်ရာ မူဘောင်များ အဆင့်မြှင်တင်ရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး
ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လူသားချင်း
စာနာ ထောက်ထားမှုနှင့် ပညာရေးဆက်နွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
အဆိုပါ အစည်းအဝေးအတွင်း နှစ်နိုင်ငံ ဝန်ကြီးများသည် ရန်ကုန်မြို့တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၏
ကုန်သွယ်မှု ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း
သိရသည်။
အဆိုပါ အစည်းအဝေးကို နှစ်နိုင်ငံအကြား
ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန်
ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အလှည့်ကျကျင်းပခြင်း
ဖြစ်ကြောင်း သိရပြီး ပထမအကြိမ် အစည်းအဝေးကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂
၌ ၂၀၁၄ ခုနှစ်၊ ဩဂုတ် ၂၉ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment