Thursday, September 28, 2017

ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဥပဒေများ ဆွေးနွေးပွဲကျင်းပ

စစ်တွေ စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသော ဥပဒေများအား ဆွေးနွေးပွဲကို စက်တင်ဘာလ၂၇ ရက် နံနက် ၉ နာရီတွင် ပြည်နယ်စိုက်ပျိုးရေး ဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီး ဦးကျော်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဥပဒေပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မြေသြဇာ၊ ပိုးသတ်ဆေးနှင့် သီးနှံမျိုးစေ့ လက်လီ/လက်ကားအရောင်းဆိုင်များမှ ကိုယ်စားလှယ်များနှင့် တောင်သူ လယ်သမားများ တက်ရောက်ကြသည်။




ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ဈေးကွက်အတွင်း ရောင်းဝယ်ဖြန့်ချီလျက်ရှိသော ကုမ္ပဏီများ၊ လက်လီ/ လက် ကား အရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ပြဌာန်းထားသော မြေသြဇာဥပဒေ၊ မျိုးစေ့ဥပဒေနှင့် ပိုးသတ်ဆေးဥပဒေများအား သိရှိလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဥပဒေနှင့်အညီ မှတ်ပုံတင်၍ စနစ်တကျရောင်းချခြင်းဖြင့် တောင်သူ လယ်သမားများအား အကျိုးရှိမည့်အပြင် အရည်အသွေးပြည့်မီသော လယ်ယာထုတ်ကုန်များကိုလည်း ထုတ်လုပ်နိုင်၍ ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတိုးဝေက ဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment