Thursday, September 28, 2017

သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ရခိုင်ပြည်နယ်ခရီးစဉ် ရာသီဥတု အခြေအနေနှင့် သံတမန်အဖွဲ့ အကြီးအကဲ၏ မေတ္တာရပ်ခံချက်ကြောင့် ရွှေ့ဆိုင်း၊ အောက်တိုဘာ ၂ ရက် (တနင်္လာနေ့) တွင်သွားရောက်မည်

နေပြည်တော် စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ် မောင်တောဒေသသို့ နိုင်ငံခြားသံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် စက်တင်ဘာ ၂၈ ရက်တွင် လေယာဉ်ဖြင့် စစ်တွေမြို့မှတစ်ဆင့် သွားရောက်ရန် စီစဉ်ခဲ့သော်လည်း ရာသီဥတု အခြေအနေနှင့် သံတမန်အဖွဲ့ အကြီးအကဲ၏ မေတ္တာရပ်ခံချက်ကြောင့် သွားရောက်နိုင် ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

အဆိုပါ ခရီးစဉ်တွင် ပါရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်းအား ဆက်သွယ်မေးမြန်းခဲ့ရာ `` ကျွန်တော်တို့ အခု ခရီးစဉ်ကို သံတမန်တွေ ရယ်၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ရှိသူ တွေရယ် စုစုပေါင်း ၄၈ ဦး သွားရောက်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ မနက် ၆ နာရီမှာ ရန်ကုန်လေဆိပ်မှာ ကျွန်တော်တို့ ရောက်ရှိပါတယ်။ စစ်တွေဘက်က ရာသီဥတုမကောင်းလို့ လေယာဉ် မထွက်နိုင်ခဲ့ပါဘူး။
ဒါနဲ့ မနက် ၈ နာရီလောက်မှာ သံတမန်အဖွဲ့ နာယကနဲ့ အဖွဲ့က ကျွန်တော်တို့ကို ဒီနေ့ ရာသီဥတု မကောင်း တာမို့ မသွားတော့ဖို့၊ ဒီနေ့ခရီးစဉ်ကို Cancel လုပ်ပေးဖို့ လာရောက်မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့က သံတမန် အားလုံးနဲ့ တွေ့ဆုံပြီး သဘောထားမေးမြန်းကြည့်ခဲ့ပါတယ်။ အဲဒီမှာ အများစုရဲ့ ဆန္ဒအရ ဒီနေ့ခရီးစဉ်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ခရီးစဉ်ကို သွားရောက်ဖို့ သံတမန်တွေရဲ့ မေတ္တာရပ်ခံချက်အရ အောက်တိုဘာလ ၂ ရက် တနင်္လာနေ့မှာ သွားရောက်ဖို့ ပြောင်းလဲစီစဉ်ခဲ့ပါတယ်။
(သတင်းစဉ်)

No comments:

Post a Comment