Thursday, September 28, 2017

ဒဿမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံအစည်းအဝေးအတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၈
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် International Labour Organization - ILO တို့ ပူးပေါင်း၍ ဒဿမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ် သမားများဆိုင်ရာ အာဆီယံအစည်းအဝေးအတွက် နိုင်ငံအဆင့်သုံးပွင့်ဆိုင် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနနှင့် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးမှ ရရှိလာသည့် ရလဒ်များကို ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၇ခုနှစ်၊ အောက်တို ဘာ ၂၅ ရက်မှ ၂၆ ရက်ထိ ကျင်းပမည့် 10th AFML ၌ " Towards Achieving Decent Work for Domestic Workers in ASEAN " ခေါင်းစဉ်ဖြင့် ဆွေးနွေးကြမှာဖြစ်ပြီး အာဆီယံနိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားများ ကြုံတွေ့နေရသည့် အဓိကကိစ္စများကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ အရပ်ဖက် လူမှုအဖွဲ့ အစည်းတို့အကြား ကောင်းမွန်သည့် အလေ့အကျင့်များ ပွင့်ပွင့်လင်းလင်းဖလှယ် ဆွေးနွေးမည့်ဖိုရမ်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် ILO ၏ နည်းပညာနှင့် ငွေကြေးအကူအညီဖြင့် နိုင်ငံအဆင့် အကြိုညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း။
ပြည်ထောင်စုဝန်ကြီးက မြန်မာအမျိုးသမီးများသည် အိမ်နီးချင်းနိုင်ငံများသို့ အိမ်တွင်းအထောက်အကူ အလုပ်သမား များအဖြစ် တရားမ၀င်သွားရောက် လုပ်ကိုင်နေ ကြောင်း၊ ရွှေ့ပြောင်းသွားလာသူများသည် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက်စေရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိကြောင်း၊ အိမ်တွင်း အထောက် အကူလုပ်ငန်းကို ပညာအရည်အချင်း နိမ့်ပါးသူများ၊ အလုပ်အကိုင် အခွင့်အလမ်းနည်းသူများနှင့် စီးပွားရေးချို့တဲ့သော မိသားစုများသည် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြကြောင်း၊ လက်ရှိပြည်ပနိုင်ငံများတွင် လုပ်ကိုင်နေသည့် အိမ်တွင်းအထောက်အကူ အလုပ်သမားများ၏ လုပ်အားကို တန်ဖိုးထား အသိအမှတ်ပြု ရမှာဖြစ်ကြောင်းပြောကြားသည်။
ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံအစည်းအဝေးများ၏ အကြံပြုချက်များ အကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက်သူများ၏ တိုးတက်မှုများကို သုံးသပ်နိုင်ရန်၊ ရွှေ့ပြောင်းအိမ်တွင်း အထောက်အကူအလုပ်သမားများ အတွက် ကောင်းမွန်သင့် တော်သော အလုပ်အကိုင်ရရှိရေးနှင့်စပ်လျဉ်း၍ နိုင်ငံအဆင့် အကြံပြုချက်များကို သုံးပွင့်ဆိုင် ဆွေးနွေးပြင်ဆင်နိုင်ရန်နှင့် ဒဿမအကြိမ်မြောက်ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံအစည်းအဝေးနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment