Friday, September 22, 2017

တရုတ်နိုင်ငံမှ မီဒီယာအဖွဲ့ မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ သတင်းရယူ

စစ်တွေ စက်တင်ဘာ ၂၂
ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ သတင်းရယူနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တရုတ်မီဒီယာ အဖွဲ့သည် ယနေ့နံနက် ၆နာရီတွင် စစ်တွေမြို့မှ အမြန်ရေယာဉ်ဖြင့် ဘူးသီးတောင်မြို့သို့ သွားရောက်ပြီး ထို့မှတစ်ဆင့် မောင်တောမြို့သို့ ရောက်ရှိသည်။

ရှေးဦးစွာ တရုတ်မီဒီယာ အဖွဲ့သည် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ကျွမ်းခဲ့သည့် မောင်တော-ကျီးကန်းပြင် ကားလမ်းပေါ်ရှိ အစ္စလာမ်ဘာသာဝင်များနေထိုင်ရာ သီဟိုကျွန်းနှင့် မောင်တောမြို့အ၀င် မြို့သူကြီးရပ်ကွက်တို့သို့ သွားရောက်ပြီး မီးလောင်ကျွမ်းမှု အခြေအနေများကို သတင်းမှတ်တမ်း ရယူကြသည်။
ယင်းနောက် မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ခရိုင်အုပ်ချုပ်ရေး မှူးဦးရဲထွဋ်နှင့် တွေ့ဆုံကာ လတ်တလော ဒေသအခြေအနေများ၊ နေရပ်စွန့်ခွာ တိမ်းရှောင်လာသူများအား ကူညီကယ်ဆယ် စောင့်ရှောက်ထားရှိမှု အခြေ အနေများကို မေးမြန်းကြသည်။
ထို့နောက် တရုတ်မီဒီယာအဖွဲ့သည် အစ္စလာမ်ဘာသာဝင်များနေထိုင်ရာ မောင်တောမြို့ ကညင်တန်းရပ်ကွက် ဈေးသို့ရောက်ရှိကာ နယ်မြေတည်ငြိမ် အေးချမ်းလာပြီဖြစ်၍ ဈေးဖွင့်လှစ်ရောင်းချနေမှု၊ ARSA အကြမ်းဖက်သမားများ အပေါ် သဘောထားများကိုတွေ့ဆုံမေးမြန်းကာ အဆိုပါရပ်ကွက်အတွင်း တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အစ္စလာမ် ဘာသာဝင်များအား ဆေးကုသပေးနေမှု အခြေအနေကို သတင်းရယူခဲ့ကြသည်။
ယင်းနောက် မောင်တောမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ် ရေးစုရပ်တွင် လာရောက်ခိုလှုံနေသည့် ဟိန္ဒူဘာသာ ၀င်များနှင့်တွေ့ဆုံကာ နိုင်ငံတော်အစိုးရမှ ကူညီကယ်ဆယ် ထောက်ပံ့ ပေးနေမှု၊  ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံရမှုတို့နှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းသတင်း ရယူကြသည်။
ဆက်လက်ပြီး တရုတ်မီဒီယာအဖွဲ့သည် နေရပ်စွန့်ခွာခြင်းမရှိဘဲ အေးချမ်းစွာ နေထိုင်လျက်ရှိသည့် မောင်တော မြို့နယ် ရွှေဇားကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံပြီး ၄င်းတို့၏အခက်အခဲများကို လွတ်လပ်ပွင့်လင်းစွာ တွေ့ဆုံမေးမြန်း သတင်းယူကြသည်။ ထို့နောက် မြို့မဘုန်းကြီးကျောင်းသို့ ရောက်ရှိပြီး ကယ်ဆယ်ရေး စခန်းရှိ တိုင်းရင်းသားများနှင့် တွေ့ဆုံမေးမြန်း သတင်းရယူကာ မောင်တောမြို့မ အနောက်ရပ်ကွက်ရှိ အမှတ်(၁)အ၀င်၊ အထွက် စစ်ဆေးရေးစခန်းနှင့် စခန်းအနီး မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး ကာရံထားရှိမှုကို ဓာတ်ပုံမှတ် တမ်းရယူခဲ့ကြသည်။

(သတင်းအဖွဲ့) 

No comments:

Post a Comment