Friday, September 22, 2017

မိမိတို့သွားရမည့် ဦးတည်ချက်ကို ရဲရဲဝံ့ဝံ့ သံဓိဋ္ဌာန်ချပြီး နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးအတွက် လေးလေးနက်နက် ဆောင်ရွက်သွားကြရမည်

နေပြည်တော်၊ စက်တင်ဘာ  ၂၂
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းရေးဆွဲရေးအတွက် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က နိုင်ငံတော်၏ အရအသုံးဆိုင်ရာ ဥပဒေ၊ အရအသုံးဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် စီမံခန့်ခွဲမှုများကို ဆောင်ရွက်သည့်အခါတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အမျိုးသားစီမံကိန်းကို အခြေခံပြီး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊  ဝန်ကြီးဌာနအလိုက် မျှော်မှန်းထားသည့် ရည်မှန်းချက်များ သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် National Growth Rate ရရှိစေရန် အထောက်အကူ ပြုရမည် ဖြစ်ကြောင်း၊ ရည်မှန်းချက်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် လူအင်အား၊ နည်းပညာ၊ စက်ပစ္စည်း ကရိယာများကို ပြည်တွင်းတွင်သာမက ပြည်ပမှပါ ရနိုင်မည့် ရန်ပုံငွေများကို အခြေခံပြီး ရေးဆွဲမှသာ အမှန်တကယ် အကောင်အထည်ဖော်နိုင်သည့် စီမံကိန်းများဖြစ်လာပြီး နိုင်ငံတော်မှ ရည်မှန်းထားသည့်အတိုင်း အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတွင်းမှာရှိသည့် အင်အားများကို စုစည်း၍ မိမိတို့သွားရမည့် ဦးတည်ချက်ကို ရဲရဲဝံ့ဝံ့သံဓိဋ္ဌာန်ချပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေးလေးနက်နက် ဆောင်ရွက်သွားကြရန် အထူးမေတ္တာရပ်ခံလိုပါကြောင်း၊ နိုင်ငံတော်၏ ပိုင်ဆိုင်မှုများ ဖြစ်သည့် မြေ၊ အဆောက်အဦ၊ ယာဉ် စသည်တို့ကို အလေအလွင့်မဖြစ်စေဘဲ တန်ဖိုးရှိရှိ သုံးစွဲနိုင်ရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ စီမံကိန်းရေးဆွဲရာတွင် ထည့်သွင်းစဉ်းစား ရမည့်အချက်များနှင့် ပတ်သက်၍လည်းကောင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်မှ စီမံကိန်းရည်မှန်း ရန် အဆိုပြုချက်များရေးဆွဲရေးနှင့် ပတ်သက်၍လည်းကောင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းမှ ဘတ်ဂျက်လျာထားမှုနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြရာ အစည်းအဝေးတက်ရောက် လာသူများက ပါဝင်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးချက်များအပေါ် ပြန်လည်ညှိနှိုင်း ဆွေးနွေး သည်။

(သတင်းစဉ်)

No comments:

Post a Comment