Friday, September 22, 2017

ပဲများနှင့်ပတ်သက်၍ ပြည်တွင်းစားသုံးမှု တိုးတက်လာစေရေးနှင့် ပဲအခြေခံစားသောက်ကုန် ထုတ်လုပ်ရေးဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ ၂၂
ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သည့် ပဲများနှင့်ပတ်သက်၍ ပြည်တွင်း ပဲစားသုံးမှု တိုးတက်လာစေရန်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပဲကို အခြားနည်းလမ်းဖြင့် အသုံးပြုသည့် အသင်းအဖွဲ့လုပ်ငန်းရှင်များ၊ ပဲအခြေခံစား သောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှု အရေအတွက် ကန့်သတ်ချက်ကြောင့် လက်ကျန်ပဲများ ဆက်လက်တင်ပို့နိုင်ရေးကိစ္စများ ညှိနှိုင်းဆွေးနွေး သကဲ့သို့ ပြည်တွင်းပဲစားသုံးမှု ပိုမိုတိုးတက်လာစေရေးအတွက် ပဲအများ ဆုံးသုံးစွဲသည့် ဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်ခြင်းဖြင့် ပြည်တွင်း၌ လက်ကျန်ပဲများကို အသုံးပြုနိုင်မည့် နည်းလမ်းများကိုထုတ်ဖော်ပြီး ဆောင်ရွက် ခြင်းအားဖြင့် အခက်အခဲကိစ္စအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊
ပြည်တွင်း၌ ကျန်ရှိသည့်ပဲများအား ပြည်ပသို့ ဆက်လက်တင်ပို့နိုင်ရေး ညှိနှိုင်းမှုများ၊ G to G MOU လက်မှတ်ရေးထိုး နိုင်ရေးအတွက် ညှိနှိုင်းမှုများ၊ ပဲမျိုးစုံဈေး ကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ရေးနှင့် ဈေးကွက်ဝင်သီးနှံများ ပြောင်းလဲ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊
မကြာမီထွက်ရှိလာတော့မည့် ပြည်တွင်းပဲများအတွက် ဈေးနှုန်းသည် တောင်သူများ၏ ထုတ်လုပ်မှုကုန်ကျ စရိတ် အောက်နိမ့်ကျနေပါက တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေးဥပဒေအရ တောင်သူများထံမှ ဝယ်ယူပေးနိုင် ရေးများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီး ဦးဆောင်အဖွဲ့သို့ တင်ပြ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ မတ်ပဲလျော့ချ စိုက်ပျိုးပါက အခြားသီးနှံ ပြောင်းလဲ စိုက်ပျိုးနိုင်ရေးကိစ္စများ ထွက်ရှိ သည့်ပဲများ ပိုးသတ် ဆေးဓါတ် ကြွင်းပါဝင်မှုမရှိစေရေး၊ ကျောင်းများတွင် အဟာရဓါတ်ပြည့်ဝသည့် ပဲအသုံးပြုထုတ်လုပ်သည့် မုန့်များ ကျွေးမွေးရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ကျန်ရှိသည့်ပဲများအပေါ် အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက် နိုင်မည့်အစီအစဉ်များ၊ ပြည်တွင်းပဲစားသုံးမည့် အစီအစဉ်များ၊ အကြံပြု ချက်များအား ပွင့်ပွင့်လင်းလင်းဆွေးနွေး ပြောကြားရန် မှာကြားသည်။
ထို့နောက်အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်မှ ပြည်တွင်းပြည်ပပဲဈေးကွက်များ အိန္ဒိယနိုင်ငံသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ စိုက်ပျိုးရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍအလိုက် ဆောင်ရွက်သည့် အကြံပြုချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး တိက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ပဲမျိုးစုံသုံးစွဲနေမှုနှင့် ပဲဝယ်ယူနိုင်မည့် အခြေအနေ များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကုန်စည်ဒိုင်များ၊ တောင်သူလယ်သမားများ၊ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်သူများ၏ အကြံပြုချက်များအား ဆွေးနွေးတင်ပြ ခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှုကန့်သတ်မှုသည် နိုင်ငံအတွက် ကြီးမားသည့် သတိပေးချက်ဖြစ်ကြောင်း၊ နောင်ဤကဲ့သို့ မဖြစ်စေရန် ရေတိုရေရှည် ဆောင်ရွက်မည့်အစီအမံများ ချမှတ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အခက်အခဲ များရှိသော်လည်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် လက်ကျန်ပဲများအပေါ် ဝယ်ယူနိုင်မည့်ကိစ္စရပ်များကို တင်ပြဆောင်ရွက် ပေးသွားရန် ဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားသည်။
အခမ်းအနားအပြီးတွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတို့ကို အသုံးပြု၍ မတ်ပဲဘယာကြော်၊ ပဲဝါလေး၊ ပဲကြာဇံဟင်းချို၊ ပဲစင်းငုံသီးစုံ ချဉ်ရည်ဟင်းများအား အလွယ်တကူနှင့် အရသာရှိစွာ ချက်ပြုတ်စားသောက်ခြင်း သရုပ်ပြနေမှုတို့အား ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက အားပေးကြည့်ရှုခဲ့ကြပြီး တွေ့ဆုံညှိနှိုင်းပွဲသို့ တက်ရောက် လာသူများအားလုံးကို မတ်ပဲ၊ ပဲတီစိမ်းနှင့်ပဲစဉ်းငုံတို့ကို အသုံးပြု၍ ချက်ပြုတ်ထားသော ဟင်းလျာများပါဝင်သည့် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်) 

No comments:

Post a Comment