Thursday, September 28, 2017

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ သဘောထားကြေညာချက် ထုတ်ပြန်

စက်တင်ဘာ ၂၈၊ ၂၀၁၇
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် စပ်လျဉ်း၍ သဘောထားကြေညာချက်ကို ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ စက်တင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသဘောထားကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကို ဟန့် တားဆောင်ရွက်နေမှု အခြေအနေနှင့် တည်ငြိမ်အေးချမ်းမှုနှင့် သဟဇာတ ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် သံတမန်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထိုသို့ ရှင်းလင်းပြောကြားရာတွင် အကြမ်းဖက်မှုများကြောင့် ထိခိုက်နစ်နာ ရသူများ အားလုံးအတွက် အထူးစိတ်မကောင်းဖြစ်ရကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဥပဒေနှင့် ဆန့်ကျင်သော အကြမ်းဖက်မှုများ အားလုံးကို ရှုတ်ချကြောင်း၊ တည်ဆဲ ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံရေး ယုံကြည်မှုများကြောင့် အကွဲကွဲ အပြားပြား ဖြစ်နေသည့်နိုင်ငံ မဖြစ်စေလိုကြောင်း၊ မတူကွဲပြားမှုများကို အခြေပြု၍ စုစည်းညီညွတ်စွာဖြင့် အခွင့်အရေးများကို အတူတကွ ခံစားခွင့်၊ ဘ၀ကို မိမိတို့ ယုံကြည်မှုနှင့် အတူ လျှောက်လှမ်းခွင့်ရှိသော နိုင်ငံအဖြစ် ပြည်သူများအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)သည် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သူ များကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းရပြီး နေရပ်စွန့်ခွာနေကြရသူများ အားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရပါသည်။ အကြမ်းဖက် လုပ်ရပ်များ ကို ကျူးလွန်ခဲ့သော ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့ကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပါသည်။ ထိုသို့ အပြစ်မဲ့ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ် ထိခိုက်နစ်နာစေသည့် အကြမ်းဖက်လုပ်ရပ်ကို ဘာသာတရားအသီးသီးက ခွင့်ပြုထားခြင်း မရှိကြပါ။ ထို့ကြောင့် ၎င်းတို့ လုပ်ရပ်သည် ဘာသာရေးနှင့် ပတ်သက်ခြင်း မရှိဟု အလေးအနက် ခံယူပါသည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းနှင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အပြည့်အဝ ထောက်ခံကြိုဆို၍ ကျရာကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သဘောထားထုတ်ပြန် ကြေညာပါသည်။

Ref; Information Committee

No comments:

Post a Comment