Thursday, September 28, 2017

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ မောင်တောဒေသရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများ နှင့်တွေ့ဆုံ

စစ်တွေ စက်တင်ဘာ ၂၈
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ဦးဆောင် သော အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် မောင်တောမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ကာလအတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ရက်စက်စွာ ဓားဖြင့်အခုတ်ခံရပြီး အသက်မသေဘဲ ဆေးရုံမှ ပြန်ဆင်းလာသည့် အောင်သပြေကျေးရွာအုပ်စု ရန်ခါစေတီကျေးရွာမှ မြိုတိုင်းရင်းသူ မဦးခင်အား တွေ့ဆုံ၍ ဖြစ်စဉ်ဖြစ်ပွားခဲ့မှုကို အသေးစိတ်မေးမြန်းပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။



အဆိုပါ မြိုတိုင်းရင်းသူ မဦးခင်သည် အကြမ်းဖက်မှု ဖြစ်စဉ်ကာလအတွင်းက ARSA အစွန်းရောက် အကြမ်းဖက် သမားများက အကြောင်းမဲ့ဓားဖြင့် ခုတ်မှုကြောင့် ၎င်း၏ ၂ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့ရပြီး မဦးခင်မှာ အသက်မသေဘဲ ပြင်းထန်စွာဒဏ်ရာရရှိခဲ့၍ ဘူးသီးတောင်ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူခဲ့ရသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များသည် ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် နှင့်အတူ မောင်တောဒေသ တောင်ပိုင်း အလယ်သံကျော်ကျေးရွာအနီးရှိ ပင်လယ်ကမ်းခြေတွင် ရောက်ရှိနေသည့် ဘူးသီးတောင်မြို့နယ် ဒုအိုးသည်မကျေးရွာအုပ်စုနှင့် ပြိုင်းတောင်ကျေးရွာအုပ်စုတို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၎င်းတို့ဆန္ဒဖြင့် ထွက်ခွာသွားကြမည့် ဘင်္ဂါလီလူမျိုးများနှင့် သွားရောက် တွေ့ဆုံကြသည်။
ထိုသို့တွေ့ဆုံစဉ် ကော်မရှင်အဖွဲ့ဝင်များက စားဝတ်နေရေး အခက်အခဲအတွက် နိုင်ငံတော် အစိုးရမှ နှစ်ဖက် လူ့အဖွဲ့အစည်းအား ထောက်ပံ့ကူညီနေမှုများ၊ လုံခြုံရေး နှင့်ပတ်သက်၍ ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး မိမိတို့ နေအိမ်များသို့ အေးချမ်းစွာဖြင့် ပြန်လည်နေထိုင်လုပ်ကိုင် စားသောက်ကြရန်နှင့် အခက်အခဲရှိသည်များကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
အဆိုပါ အလယ်သံကျော်ကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် ရောက်ရှိနေသော ဘူးသီးတောင်မြို့နယ် ဒုအိုးသည်မကျေးရွာအုပ်စုနှင့် ပြိုင်းတောင်ကျေးရွာအုပ်စုတို့မှ ဘင်္ဂါလီလူမျိုးများအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သို့သာ သွားရောက်ရန် ဆန္ဒရှိနေပြီး လူအင်အား ၈၀၀ ကျော်ရှိကြောင်း သိရသည်။

မင်းသစ်၊ ဓာတ်ပုံ - ခရိုင်ပြန်ဆက်

No comments:

Post a Comment