Thursday, September 28, 2017

(၃၅) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ၏ ဆက်စပ်အစည်းအဝေးများကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၈
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ စက်တင်ဘာ ၂၈ ရက်တွင် ဆက်လက်ကျင်းပသည့် (၃၅)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများဖြစ်သော (၁၁)ကြိမ် မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးအဖွဲ့ဝင်နိုင်ငံများ၏ စွမ်းအင်ဝန်ကြီးများ အစည်းအဝေး၊ (၁၄)ကြိမ်မြောက် အာဆီယံနှင့် ဆွေးနွေးဘက် (၃)နိုင်ငံတို့၏ စွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ပထမအကြိမ် အာဆီယံ စွမ်းအင် ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ပြန်ပြည့်မြဲစွမ်းအင်အေဂျင်စီတို့၏ ဆွေးနွေးပွဲများသို့ တက်ရောက်သည်။

(၁၁)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးအဖွဲ့ဝင်နိုင်ငံများ၏ စွမ်းအင်ဝန်ကြီး များ အစည်းအဝေးတွင် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် သြစတေးလျ၊ တရုတ်၊ အိန္ဒိယ ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီးလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ စွမ်းအင်ဆိုင်ရာ ဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး အာဆီယံနှင့် အရှေ့အာရှနိုင်ငံများ အကြား စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်ခဲ့သည် လုပ်ငန်းများနှင့် ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဒေသတွင်း စွမ်းအင်လိုအပ်ချက်နှင့် ဖြည့်ဆည်း ပေးနိုင်မှုအခြေအနေ များ၊ စွမ်းအင်ဖူလုံရေးကို တိုးမြှင့်ဆောင်ရွက်ရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နည်းပညာနှင့်အချက်အလက်များကို မျှဝေရေးတို့ကို ဆွေးနွေးအတည်ပြုခဲ့ပြီး အရှေ့အာရှနိုင်ငံများ စွမ်းအင်ဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ထို့နောက် (၁၄)ကြိမ်မြောက် အာဆီယံနှင့် ဆွေးနွေးဘက် ၃ နိုင်ငံတို့၏ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ အာဆီယံနှင့် ဆွေးနွေးဘက် ၃ နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဒေသတွင်းစွမ်းအင်ဖူလုံရေးဆွေးနွေးပွဲများ၊ အရေးပေါ်အခြေအနေ အတွက် ရေနံအရံ သိုလှောင် ထားရှိမှုလုပ်ငန်းစဉ်ရေးဆွဲမှုဆွေးနွေးပွဲများ၊ မြို့ပြသုံးနျူကလီးယားစွမ်းအင်ဆိုင်ရာ နည်းပညာ မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲများနှင့် အနာဂတ်ကာလတွင် စွမ်းအင်ရောနှောသုံးစွဲရေး (Future Energy Mix) တိုးမြှင့်သွားမည့်လုပ်ငန်းစဉ်များ၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးလုပ်ငန်းစဉ် များ၊ ပြန်ပြည့်မြဲစွမ်းအင် ကဏ္ဍဖွံ့ဖြိုးရေးနှင့် ပိုမိုသုံးစွဲရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို အပြန်အလှန်ညှိနှိုင်းဆွေးနွေးအတည်ပြုခဲ့ပြီး အာဆီယံနှင့် ဆွေးနွေးဘက် ၃ နိုင်ငံတို့၏ စွမ်းအင်ဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ပထမအကြိမ် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာပြန်ပြည့်မြဲစွမ်းအင် အေဂျင်စီတို့၏ ဆွေးနွေးပွဲတွင် ပြန်ပြည့်မြဲစွမ်းအင်ကို တိုးမြှင့်သုံးစွဲရေး၊ လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာပါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ၂၀၁၆-၂၀၂၅ အာဆီယံစွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့်အညီ ၂၀၅၀ ခုနှစ်အထိ လက်တွေ့ အကောင်အထည်ဖော်ရေး၊ အေဂျင်စီနှင့် အာဆီယံတို့အကြား ဝန်ကြီးအဆင့် အစည်းအဝေးများ ကို ၂ နှစ်တစ်ကြိမ် ကျင်းပရေး၊ အဆင့်မြင့်အရာရှိများအစည်းအဝေးကို နှစ်စဉ်ကျင်းပရေးတို့ကို ဆွေးနွေးသဘောတူခဲ့သည်။
အစည်းအဝေးများ ကျင်းပစဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး H.E. General Anantaporn Kanjanarat နှင့်လည်းကောင်း၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ စွမ်းအင်နှင့် သတ္တုဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Mr Thongphat Inthavong နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ H.E. Mr.Li Franrong နှင့်လည်းကောင်း၊ ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr.Vadim Velikanov နှင့်လည်းကောင်း အသီးသီး တွေ့ဆုံ၍ နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ကုန်သွယ်ရေးနှင့် စက်မှု ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုအခြေ အနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဖိလစ်ပိုင်နိုင်ငံရှိ မြန်မာသံရုံးသို့ သွားရောက်၍ သံရုံးမိသားစု ဝင်များနှင့်တွေ့ဆုံအားပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment