Thursday, September 28, 2017

မူးယစ်ဆေးဝါးသုံးစွဲသူများအား ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ စက်တင်ဘာ၂၈
မူးယစ်ဆေးဝါး သုံးစွဲသူများအား ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ထိရောက်စွာအကောင်အထည် ဖော်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ  Park Royal Hotel ၌ ကျင်းပရာ ဆွေးနွေးပွဲသို့ မူးယစ်ဗဟိုအဖွဲ့နှင့် မူးယစ်ဗဟို အောက်ရှိလုပ်ငန်းအဖွဲ့ (၁၀) ဖွဲ့မှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးပြဿနာအဖြစ်ခံယူပြီး မူးယစ်ဆေးဝါးထိန်းချုပ်ရေး နည်းလမ်းများနှင့် ကာကွယ်တိုက်ဖျက် ခဲ့ကြသော် လည်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများမှာ တစ်နှစ်ထက်တစ်နှစ် ကိန်းဂဏန်းများ မြင့်တက်လျက်ရှိပြီး မြို့နယ်ပေါင်း (၂၆၇) မြို့နယ်မှာ ဖမ်းဆီးရမိမှုများမြင့်တက်လာမှုကြောင့် ထုတ်လုပ်မှုနဲ့ သုံးစွဲမှုမြင့် တက်လာသည်ဟု သုံးသပ်ရမည် ဖြစ်ပါကြောင်း၊
မူးယစ်ဆေးဝါးသုံးစွဲမှုသည် ကျန်းမာရေး ပြဿနာ တစ်ရပ်ဖြစ်ပြီး အချိန်တိုအတွင်းအမြစ်ဖြတ်ကုသရန် အလွန်ခက်ခဲ၍ ပြန်လည်စွဲလန်းနိုင်သော နာတာရှည်စွဲလန်းမှု ရောဂါတစ်မျိုးဖြစ်ပါကြောင်း၊ ဆေးစွဲလူနာများ၏ ဘဝပြန်လည် မြင့်တက်လာစေရန် လူမှုရေးဝန်ဆောင်မှုများဖြင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ရေး ဖန်တီးဆောင်ရွက် ပေးရမည် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှု ပြဿနာကြီးထွားလာမှု၊ ဥပဒေနှင့် မူဝါဒဆိုင်ရာ ပြောင်းလဲ ကျင့်သုံးလာမှုတို့ကြောင့် ဆေးကုသရေးနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍာအား ဦးစားပေးမြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်သည့်ကိုယ်စားလှယ်များမှ ဆေးကုသရေးဆိုင်ရာအစုအဖွဲ့၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ အစုအဖွဲ့နှင့် ပြည်သူလူထုအခြေပြု ကုသရေးဆိုင်ရာအစုအဖွဲ့များအလိုက် ဆွေးနွေးဆာင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment