Thursday, September 28, 2017

(၁၁) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီဌာနက ကြီးမှူးကျင်းပသည့် (၁၁) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် ခွေးရူးရောဂါသည် တိရိစ္ဆာန်မှလူကို ကူးစက်စေတတ်သည့် ရောဂါများထဲတွင် အလွန်အရေးကြီး သည့် ရောဂါတစ်ခုဖြစ်သိသည် ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ကာကွယ်ဆေးဖြင့် ကာကွယ်ထိန်းချုပ်နိုင်သည့် ရောဂါ တစ်ခုဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် လူတစ်ဦး၊ တစ်နှစ်လျှင် လူဦးရေ ၅၅၀၀၀ မှ ၇၀၀၀၀ခန့် ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးလျက် ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်များအရ သိရှိရပါကြောင်း။
ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့(OIE)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာ စိုက်ပျိုးရေးအဖွဲ့ (FAO) စသည့် နိုင်ငံတကာအဖွဲ့အစည်းကြီးသုံးခုက ခွေးရူးရောဂါကို “တစ်ခုတည်းသောကမ္ဘာ၊ တစ်ခုတည်းသော ကျန်းမာရေး” ဆိုသည့် အတွေးအမြင်ဖြင့် အရေးကြီးရောဂါအဖြစ် ကာကွယ်နိုင်ရန် ကြိုးစားနေကြ ပါကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် “အမျိုးသားအဆင့် ခွေးရူးရောဂါထိန်းချုပ်ရေး မဟာဗျူဟာမူဘောင်” ကို ရေးဆွဲထားပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ တိရိစ္ဆာန်ဆေးကုဆရာဝန်များအသင်းက ခွေးရူးရောဂါ ထိန်းချုပ်ခြင်းနှင့် တိရိစ္ဆာန်ဆေးကု ဆရာဝန်များ၏ အခန်းကဏ္ဍကို ဆွေးနွေးတင်ပြပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ခွေးရူးရောဂါကာကွယ်ခြင်း သိကောင်းစရာများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ  မင်းသိမ်းမော်က ခွေးရူးရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လယ်ဝေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်စိုးမိုးနှင့် ညောင်ဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းထွန်းဦးတို့က ခွေးရူးရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်၍ လယ်ဝေးမြို့နယ်နှင့် ညောင်ဦးမြို့နယ်အတွင်း Pilot ဧရိယာများသတ်မှတ်၍ဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။
မြန်မာနိုင်ငံသည် ခွေးရူးရောဂါဖြစ်ပွားဆဲ နိုင်ငံပေါင်း(၁၅၀)တွင် ပါဝင်နေပြီး ခွေးရူး ရောဂါကူးစက်ခံရနိုင်မှု ဘေးအန္တရာယ် Risk ရှိသော နိုင်ငံအဖြစ် သတ်မှတ်ခံထားရကာ နှစ်စဉ်ခွေးကိုက်ခံရမှုပေါင်း ငါးသိန်းခန့်ရှိနိုင်ပြီး လူတစ်ထောင်ခန့် ခွေးရူးရောဂါ ကူးစက်ခံရပြီး သေဆုံးလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ သတင်းအချက် အလက်များအရသိရှိရသည်။ ယနေ့ကျရောက်သည့် (၁၁) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ခွေးရူးရောဂါကင်းစင် ကမ္ဘာတစ်ခွင် ၂၀၃၀တွင်” “Rabies:Zero by 30” ဖြစ်ကြောင်း သိရသည်။          

(သတင်းစဉ်)

No comments:

Post a Comment