Thursday, September 28, 2017

ဒုတိယသမ္မတဦးမြင့်ဆွေ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

ဒုတိယသမ္မတက ယခုပြုလုပ်သည့်အစည်းအဝေးသည်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှကြီးမှူး ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၇၈/၂၀၁၇ ဖြင့် ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပေးထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းများကို စနစ်တကျ တာဝန်ခွဲဝေ ဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီ ၁၁ ခုကိုလည်း ထပ်မံဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း။
ကထိန်သင်္ကန်း ကပ်လှူရန် ဘုရားရှင်က ဝိနည်းတော် ပညတ်ပေးထားရာတွင် သီတင်းကျွတ်လပြည့်ကျော်  တစ်ရက်နေ့မှသည် တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတာကာလအတွင်း ကျင်းပပြုလုပ်ရန် ကန့်သတ်ထားသည့် အတွက် ကထိန်သင်္ကန်း အလှူ ခံယူမည့် ကျောင်းတိုက်သည် ယခုတစ်လအတွင်း တစ်ကြိမ်သာ ကျင်းပပြုလုပ်ရန် ဝိနည်းတော် သတ်မှတ်ထားကြောင်း၊ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကြိမ်သာ လှူဒါန်းခွင့်ရသည့် ကာလဒါနအလှူဖြစ်သည့်အတွက်  မွန်မြတ်သည့် အလှူတော်ဖြစ်ပါကြောင်း။
ယခုပြုလုပ်သည့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် စနစ်တကျကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နှစ်စဉ်ကျင်းပပြုလုပ်နေသည့် အခမ်းအနားဖြစ်သည့် အတွက် သက်ဆိုင်ရာကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုကို အခြေခံ၍ လစ်ဟင်းချွတ်ချော်မှုများမရှိအောင် ကော်မတီ၊ ဆပ်ကော်မတီများအလိုက် စနစ်တကျ စီမံခန့်ခွဲခြင်း၊ ပေါင်းစပ် ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အခမ်းအနားကို ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်တွင် ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်တော်မူကြမည့် ဆရာတော်ကြီးများ တည်းခိုနေထိုင်မည့် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ ကျောင်းဆောင်များကို ရေ၊ မီး၊ သန့်ရှင်းရေး၊ စိမ်းလန်းစိုပြည် သာယာလှပရေးအတွက် သက်ဆိုင်ရာကော်မတီများက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဆွမ်းနှင့် အစားအသောက်များ ချက်ပြုတ်ရာတွင် သန့်ရှင်း လတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အခမ်းအနားကို စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပန်နိုင်ရေးအတွက် လိုအပ်သည့်အကြံဉာဏ်များ ပါဝင်ဆွေးနွေး ကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆပ်ကော်မတီများ ဖွဲ့စည်းထားမှု၊ သံဃာတော်များ ပင့်ဆောင်မည့် အစီအစဉ်နှင့် သီတင်းသုံး မည့်အစီအစဉ်၊ အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေ မှုနှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဆွမ်း ဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ သံဃာတော်များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ အခမ်းအနား ကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းပြင်ဆင်ရေးနှင့် ဆက်ကပ်ရေးဆပ်ကော်မတီ၊ ပဒေသာပင်များ စီစဉ်ရေး ဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်း ထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး စိမ်းလန်းစိုပြည်ရေးနှင့် သာသနာရေးဆိုင်ရာ အခင်းအကျင်း ပြင်ဆင်ရေး ဆပ်ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင် များက ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယ၀န်ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်စိုး၊ ဒေါက်တာ ထွန်းနိုင်နှင့် ဦးမောင်မောင်ဝင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment