နေပြည်တော်
စက်တင်ဘာ ၂၂
တောင်သူများ ပင်ပန်းကြီးစွာ ကြိုးပမ်းအားထုတ်မှု၏
အသီးအပွင့်များဖြစ်သော သီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ သွင်းအားစုစရိတ်များ လေလွင့်ဆုံးရှုံးမှုမရှိစေရေး
တို့အတွက် ထိရောက်အကျိုးရှိပြီး စစ်မှန်သော အရည်အသွေး ပြည့်ဝသည့် ဓါတ်မြေသြဇာများ သုံးစွဲနိုင်ရေးကို
ပညာရှင်များ နိုင်ငံ့ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ အပါအဝင် သက်ဆိုင်သူအားလုံးတို့က
ဥပဒေ နည်းဥပဒေ စည်းမျဉ်း စည်းကမ်း များနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယနေ့မွန်းလွဲ (၂)နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (၂၁)ကြိမ်မြောက်
မြေသြဇာကော်မတီ အစည်းအဝေးတွင် ကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။
အရည်အသွေး၊ စံချိန်စံညွှန်း မပြည့်မီသော
မြေသြဇာနှင့် အတုအပများ ကင်းရှင်းရေး အတွက် စိုက်ပျိုးရေးဦးစီးဌာန က မြေသြဇာလုပ်ငန်း
စစ်ဆေးရေး အဖွဲ့များဖွဲ့စည်းပြီး ဈေးကွက် အတွင်း မြေသြဇာနမူနာရယူ၍ မြေအသုံးချရေး ဓါတ်ခွဲခန်းသို့
ပေးပို့စစ်ဆေးခြင်း၊ ရောင်းချနေသာ မြေသြဇာများသည် မှတ်ပုံတင် ထားခြင်းရှိ / မရှိ နှင့် အလေး ချိန်မှန်ကန်မှု ရှိ / မရှိ တို့ကို ပုံမှန်စစ်ဆေးခြင်း
ရှောင်တခင် စစ်ဆေးခြင်းများဖြင့် စိစစ်ကြပ်မတ်ဆောင်ရွက် လျက်ရှိပြီး ဈေးကွက် အတွင်း
မှတ်ပုံတင်ထားခြင်းမရှိသော မြေသြဇာ (၆၇)မျိုးကို အရည်အသွေး စံချိန် စံညွှန်းအာမခံချက်
မရှိကြောင်း၊ သုံးစွဲရန်မသင့်ကြောင်း နိုင်ငံပိုင်သတင်းစာများမှ ကြေငြာပေးလျက်ရှိသည်။
ထို့အပြင် ရန်ကုန်ဆိပ်ကမ်းမှ ဝင်ရောက်လာသော
ဓါတ်မြေသြဇာများကို အကောက်ခွန် ဦးစီးဌာန နှင့် ပူးပေါင်း၍ စစ်ဆေးကြပ်မတ်ဆောင်ရွက်နေသကဲ့သို့
နယ်စပ်ဒေသများ၏ ဝင်ပေါက်အမျိုးမျိုးမှ ဝင်ရောက်လျက်ရှိသော မြေသြဇာများကိုလည်း နမူနာများရယူပြီးဓါတ်ခွဲ
စစ်ဆေးပြီး မြေသြဇာအရည်အသွေးကို အတည်ပြု ထောက်ခံချက် ထုတ်ပေးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်ဦး (လေးမျက်နှာ)
ဓာတ်ပုံ - ၀င်းအောင်

No comments:
Post a Comment