Wednesday, August 30, 2017

အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ (National Road Safety Council - NRSC) တတိယအကြိမ် အစည်းအဝေး ကျင်းပ




နေပြည်တော် ဩဂုတ် ၃၀

အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ( National Road Safety Council – NRSC) ၏ တတိယ အကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပရာ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဦးသန့်စင်မောင်၊ ကောင်စီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဦးဝင်းခိုင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့တော်ဝန်များ၊ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆပ်ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီဝင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ က NRSC ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များသည်  နိုင်ငံတော်အတွက် အရေးပါသကဲ့သို့  ပြည်သူလူထု၏ အသက်အန္တရာယ် လုံခြုံမှုအပါအဝင်   ဘေးအန္တရာယ် ကင်းရှင်းမှု အတွက်ပါ  အထူးအလေးထား ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊  ထို့ကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်း များကို တိုးမြှင့်လုပ် ဆောင်နိုင်ရန်၊ ဒုတိယအကြိမ် အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် များကို အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းစဉ်များတင်ပြနိုင်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြုံတွေ့ရသည့် အခက်အခဲများ၊ ကန့်သတ်ချက်များနှင့် ဆောင်ရွက်လိုသည့် လုပ်ငန်း အစီအမံများကို တင်ပြ ဆွေးနွေးနိုင်စေရန်နှင့် ထပ်တိုးလုပ်ငန်း အစီအမံများကို ဆွေးနွေး ချမှတ်နိုင်စေရန် ရည်ရွယ်၍ ယနေ့ အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ပါကြောင်း။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး (Road Safety) ဆိုသည်မှာ ယာဉ်မတော်တဆ ဖြစ်မှုများနှင့် ယင်းမတော်တဆမှု များကြောင့် ထိခိုက်ဒဏ်ရာရမှု၊  သေဆုံးမှုများနှင့် လူမှုစီးပွားဘဝ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ လျော့နည်း ကျဆင်းသွားစေရေးမှ စတင်၍ လုံးဝ ပပျောက်သွားစေရေး ရှေ့ဆက်မည်သို့ ဆောင်ရွက်ရမည်ဆိုသည့် အချက်များချမှတ်ပြီး အကောင်အထည် ဖော်ဆောင် ရွက်ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ တစ်ဦးချင်းစီက အလေးထားလိုက်နာ ပူးပေါင်းဆောင်ရွက်ကြမှသာ တိုးတက်အောင်မြင် မှုရရှိနိုင်မည့် လုပ်ငန်းသဘာဝမျိုး ဖြစ်သကဲ့သို့ ဘက်စုံ ကဏ္ဍစုံမှ မဖြစ်မနေ ဝိုင်းဝန်း ပူးပေါင်းပါဝင် လုပ်ဆောင်ကြရမည့် လုပ်ငန်းမျိုးလည်း ဖြစ်ပါကြောင်း။

အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ မူလ Quick-win အစီအမံ (၄) ရပ်ဖြစ်သည့် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရေး၊ အသက်ကယ်ထိုင်ခုံခါး ပတ်ပတ်ရေး၊ သောက်စား မူးယစ်၍ ယာဉ်မောင်းနှင်မှု မပြုရေးနှင့် ယာဉ်မောင်းနှင်စဉ် လက်ကိုင်ဖုန်းအသုံးမပြုရေးလုပ်ငန်းစဉ်များ အပြင်သတ်မှတ် အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှုမပြုရေး လုပ်ငန်းစဉ်များကိုပါ ကျယ်ပြန့်စွာ ကြိုးပမ်း ဆောင်ရွက်နေသည်ကို အသိအမှတ် ပြုပါကြောင်း၊ သို့ရာတွင် တစ်နှစ်ထက် တစ်နှစ် တိုးပွားလာ နေသည့် ယာဉ်မတော်တဆမှုများ၊ ထိခိုက်ဒဏ်ရာ ရမှုများနှင့် သေဆုံးမှုများကို သတိပြုဆန်း စစ်ကြ ရမည် ဖြစ်ပါကြောင်း။

လမ်းသစ်များဖောက်လုပ် တည်ဆောက်ကြရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးကို အထူးအလေးထား ထည့်သွင်းတွက်ချက်ပြီး လမ်းဒီဇိုင်း စံနှုန်း သတ်မှတ်ချက်များ နှင့်အညီ တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း၊ ပြန်လည်ပြုပြင်သည့် အခါတွင်လည်း တာဝန်ယူ ဆောင်ရွက်နေကြသည့်ဌာန၊ အဖွဲ့ အစည်းများ အနေဖြင့် လုံခြုံရေးပိုင်းကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြစေလို ပါကြောင်း၊ ထို့အတူ လမ်းညွှန်၊ လမ်းအမှတ် အသားနှင့် အချက်ပြမီးတပ်ဆင်မှုများကို ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်း ဥပဒေများ နှင့်အညီ မှန်ကန်ပြည့်စုံစွာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

မိမိတို့ပတ်ဝန်းကျင်တွင် နှစ်ပေါင်းများစွာ အရိုးစွဲခဲ့သည့် အဝေးပြေးလမ်းမကြီး များတွင် ယာဉ်ကျော် တက်နိုင်ရန် မှားယွင်း အချက်ပြနေသည့် အလေ့အကျင့်များနှင့် အယူအဆ အမှားများကို လုံးဝ ပပျောက်စေပြီး မှန်ကန် တည့်မတ်လာသည်အထိ ဝိုင်းဝန်း ပြုပြင်ပေးကြရမည်ဖြစ်ကြောင်း။

ယာဉ်တိုက်ခိုက်မှုများ လျော့နည်းကျဆင်းစေရေး အရှိန်မြှင့်ဆောင်ရွက်ရာတွင် လိုအပ်သော ရန်ပုံငွေ ရရှိရေးအတွက် ယခုပြင်ဆင် ရေးဆွဲလျက်ရှိသော မော်တော်ယာဉ် ဥပဒေနှင့်အညီ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရေး ကိုလည်း ဆက်လက် ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း။

ကဏ္ဍစုံပါဝင်သည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အလုပ်ရုံ ဆွေးနွေးပွဲ မှ ရရှိလာသည့် အကြံပြုချက်များကို NRSC အဖွဲ့ဝင်များ အနေဖြင့် သေချာ စွာလေ့လာပြီး အလေးထား ပူးပေါင်း ဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းလိုပါကြောင်း။       

NRSC မှ ယာဉ်တိုက်ခိုက်မှု ကိန်းဂဏန်း အချက်အလက်များ မှန်ကန်ပြည့်စုံစွာ ထုတ်ပြန် ချပြခြင်း အားဖြင့် ပြည်သူလူထု အနေဖြင့်လည်း အခြေအနေမှန်ကို သိမြင်လက်ခံပြီး ကြောင်းကျိုး သုံးသပ်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား ပိုမိုအလေးထား လိုက်နာလာကြမည် ဖြစ်ပါကြောင်း။

အခြေခံပညာကျောင်းများတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကျောင်းသင်ခန်းစာ များကို စတင်ထည့်သွင်း ပြဋ္ဌာန်းလျက် ရှိသကဲ့သို့ အသက်အရွယ် အလိုက် ဖွံ့ဖြိုးလာသည့် အသိဉာဏ်အပေါ် မူတည်၍ ငယ်စဉ်ကလေး ဘဝကတည်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဆိုသည်မှာ မိမိကိုယ်တိုင် အတွက်သော်လည်းကောင်း၊ တစ်ပါးသူအတွက် သော်လည်းကောင်း အန္တရာယ်ဖြစ်စေနိုင်သည်ဆိုသည့် အခြေခံ အသိတရားကို လေ့ကျင့်မွေးမြူပေးကြရမည်ဖြစ်ပါကြောင်း။

လူတစ်ဦးချင်းအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကိုယ်စီလိုက်နာ ထိန်းသိမ်းကြမည် ယာဉ်များ၏ ကြံ့ခိုင်မှု ကောင်းမွန်နေမည်၊ လမ်းများလုံခြုံ စိတ်ချရမှုရှိနေမည်၊ လမ်းအသုံးပြုသူများ အားလုံး စည်းကမ်း လိုက်နာကြမည်ဆိုလျှင် ယာဉ်မတော်တဆ ဖြစ်ပွားမှုသည် လျော့နည်း ကျဆင်း သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကောင်စီဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် ဦးသန့်စင်မောင်တို့က အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက်  အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး  ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦး က ၂၀၁၇ ခုနှစ်၊ ယာဉ်တိုက်ခိုက်မှုဆိုင်ရာ အခြေအနေများနှင့် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဆပ်ကော်မတီ အတွင်းရေးမှူးများက ဆပ်ကော်မတီများ၏ လုပ်ငန်း ဆောင်ရွက် ချက်များနှင့် ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းတင်ပြပြီး နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ အတွင်းရေးမှူးက ပုဂ္ဂလိကယာဉ်မောင်း သင်တန်းကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေး စည်းကမ်းသတ်မှတ်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment