နေပြည်တော် သြဂုတ်
၁၆
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
ပဉ္စမပုံမှန်အစည်းအဝေး(၄၅)ရက်မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပရာ မေးခွန်း(၆)ခု
မေးမြန်းဖြေကြားခြင်း၊ အဆို ၁ ခုတင်သွင်းခြင်းနှင့် အစီရင်ခံစာ ၁ ခု ဆွေးနွေးအတည်ပြုခြင်း
တို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ဆားလင်းကြီးမဲဆန္ဒနယ်မှ
ဦးဝင်းသိန်းဇော်၏ ဆားလင်းကြီးမြို့နယ် မြန်မာ့စီးပွားရေးဦးပိုင်
လီမိတက်၏ မိုးကြိုးဆာဖျူရစ်အက်စစ် စက်ရုံလည်ပတ်ခြင်းကြောင့်
လူမှု ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ဆိုးရွားစွာအန္တရာယ်ဖြစ်စေ၍ စက်ရုံကို
လွတ် ကင်းရာနေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍
ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဒေသခံများ၏သတင်းပို့မှုအရ အက်စစ်ငွေ့
ကြောင့် ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့်
ကလေးငယ် ၄ ဦးကို ရန်ကုန်ကလေး ဆေးရုံကြီးသို့
ပို့ဆောင်ခဲ့ပြီး စစ်ဆေးမှုများကိုပြုလုပ်ခဲ့ရာ အက်စစ်ငွေ့ကြောင့်ဖြစ်သည့် ရောဂါ များမတွေ့ရှိရပါကြောင်း။
လုပ်ငန်းခွင်နှင့်
ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဆောင်သော ပညာရှင်များ ပါဝင်သောအဖွဲ့နှင့်
Third Party အဖွဲ့အစည်းဖြစ်သည့် LIVE Environmental Assessment Group မှ ပညာရှင်များပါဝင်သော
ပူးပေါင်း အဖွဲ့များသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင်
ရပ်မိရပ်ဖများအား တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ လုပ်ငန်းဆောင်ရွက် ချက်များကို ရှင်းလင်းခြင်း၊
ဒေသခံပြည်သူများနှင့် စက်ရုံရှိဝန်ထမ်းများအား ကျန်းမာရေးဆိုင်ရာစစ်ဆေးခြင်း၊ လိုအပ်သည့်
ကုသမှုပေးခြင်းများကို ဆောင်ရွက်ခဲ့သည့်အပြင် လေထုတိုင်းတာရေး ကိရိယာများဖြင့် စစ်ဆေးတိုင်း တာခြင်း၊ ရေနမူနာများရယူစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကာ ကျန်းမာရေးဆိုင်ရာ
ထိခိုက်မှုဆန်းစစ်ချက် Health Impact Assessment Report အား ရေးသားပြုစုခဲ့ပါကြောင်း၊
ယင်းအစီရင်ခံစာတွင် စက်ရုံမှထွက်ရှိသော အခိုး အငွေ့၊ အမှုန်နှင့်ဆာလ်ဖာဒိုင်အောက်ဆိုဒ်
ဓာတ်ငွေ့စသည်တို့ကြောင့် ကျန်းမာရေး ထိခိုက်ယိုယွင်းခြင်းများ မတွေ့ရှိရဟု ဖော်ပြထားပါကြောင်း။
ထို့ပြင်လူမှုရေးဆိုင်ရာတာဝန်ခံမှု
(CSR)လုပ်ငန်းများဆောင်ရွက်ရန်အတွက် နှစ်စဉ် စက်ရုံ၏ အသားတင်အမြတ်ငွေမှ ၂ ရာခိုင်နှုန်းကို
CRS ရန်ပုံငွေအဖြစ် ထားရှိသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍
မိုးကြိုး ဆာလ်ဖျူရစ်အက်စစ်စက်ရုံသည် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်များနှင့်အညီ
လည်ပတ်ထုတ်လုပ်လျက် ရှိသောကြောင့် နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ် ၃ စောင် ရရှိထားပြီးဖြစ်ပါကြောင်း၊
လက်ပံ တောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏
အကြံပြုလမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်လျက်ရှိသော စက်ရုံဖြစ်ခြင်း၊
စက်ရုံနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ရွာသူရွာသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေသော
စက်ရုံ ဖြစ်ခြင်း၊ လူမှုပတ်ဝန်းကျင် နှင့်သဘာဝပတ်ဝန်းကျင်တို့ကို ထိခိုက်အန္တရာယ်ဖြစ်ပွားမှု
မရှိနိုင်ခြင်းနှင့် စက်ရုံမှထုတ်လုပ် သော ဆာလ်ဖျူရစ်အက်စစ်များအား လက်ပံတောင်းတောင်၊
စံပယ်တောင်နှင့် ကြေးစင်တောင်တို့မှ ကြေးထုတ် လုပ်ရာတွင် အသုံးပြုခြင်းဖြစ်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ
အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းအား နိုင်ငံတော်မှရရှိခံစားနေခြင်း စသည့်အကြောင်းများကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်အတွက် အကျိုးပြု
သော စက်ရုံဖြစ်ပါသဖြင့် ရွှေ့ပြောင်းပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ
ဦးခင်ချို၏ လျှပ်စစ်ကဏ္ဍအရှုံးဖြစ်ပေါ်နေမှု ကာမိစေမည့်
အစီအစဉ်များ ဆောင်ရွက်နေမှု အခြေအနေ၊ ဒီဇယ်အင်ဂျင်စက် သုံးစွဲသည့်မြို့များနေရာတွင်
ဓာတ်အားလိုင်းဖြင့် အစားထိုးဆောင်ရွက်မည့် အစီအစဉ်များ၊ အစားထိုးပြီးနေရာ မြို့ရွာများမှ
ဒီဇယ် အင်ဂျင်စက်များကို ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်နှင့် အစိုးရသစ်(၅)နှစ်ကာလအတွင်း
လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်မည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်
စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ဓာတ်အားခအလွှာနှုန်းအလိုက်
ကောက်ခံလျက်ရှိပြီး အိမ်သုံးဓာတ်အားခ၊ စက်မှုသုံး(စီးပွားရေးလုပ်ငန်းသုံး) ဓာတ်အားခများ
ကောက်ခံရာတွင် နိုင်ငံတော်က စိုက်ထုတ်ကျခံရသည့်စနစ်သည် ရေရှည်တွင် သင့်လျော်ခြင်းမရှိသည့်အတွက်
ပိုမိုသင့်တော်သည့် ဓာတ်အားခနှုန်းထားတစ်ခု ပြင်ဆင်ပြောင်းလဲ နိုင်ရေးအတွက် စိစစ်တွက်ချက်လျက်ရှိပါကြောင်း။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ
၂၀၁၇ ခုနှစ် ဇွန်လအထိ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက် ရှိသော မြို့
(၂၂) မြို့နှင့် ကျေးရွာ (၁၁)ရွာသို့ ဓာတ်အားစနစ်က ဓာတ်အားလိုင်းများရောက်ရှိပြီး ၂၄
နာရီ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ပြောင်းလဲဆောင်ရွက် ပေးခဲ့ပါကြောင်း၊ အဆိုပါဓာတ်အားရရှိပြီးသွားသည့်
မြို့နှင့်ကျေးရွာများမှ ဒီဇယ်မီးစက်များကို ဓာတ်အားမရရှိသေးသည့် ကျေးရွာနှင့်မြို့များ
ဓာတ်အားရရှိစေရန် ပြောင်းရွှေ့နေရာချထားပြီး ဓာတ်အားပေးလျက်ရှိပါကြောင်း။
တစ်နိုင်ငံလုံး ဓာတ်အားရရှိရေးအတွက်
ကမ္ဘာ့ဘဏ်၏ချေးငွေဖြင့် ဆောင်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)
အဆင့် (၄)ဆင့်တွင်လည်း ကျေးရွာပေါင်း ၅၀၈၀ ရွာကို ပထမအဆင့်အတွင်း ဓာတ်အားစနစ်မှ ဓာတ်အားရရှိရေး
ဆောင်ရွက်သွား မည့် အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ဂျာမနီနိုင်ငံ
KfW ချေးငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကျေးရွာ ၄၁၆ ရွာ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်လည်း
ဆောင်ရွက် သွားရန်ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် လှိုင်မဲဆန္ဒနယ်မှ
ဦးအောင်ကျော်ကျော်ဦး၊ နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၊ ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေ၊
ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်တို့၏ လှိုင်မြို့ နယ်အားကစားရုံအား ပြည်သူများ အသုံးပြုခွင့်
ရရှိရေးနှင့်လျှပ်စစ်ကဏ္ဍဆိုင်ရာမေးခွန်းများ ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဗိုလ်ချုပ်မြင့်နွယ်နှင့် လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်တို့က
ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် ပေါင်မဲဆန္ဒနယ်မှ
ဒေါ်မိကွန်ချမ်းက နိုင်ငံတစ်ဝန်းရှိ ကျေးလက်ဒေသတွင်
လျှပ်စစ်မီးရရှိရန်အတွက် ကျေးလက်မီးလင်းရေးကော်မတီ ဖွဲ့စည်းထားမှုအပေါ် ဖျက်သိမ်းပြီး
လျှပ်စစ်မီးနှင့်ပတ်သက်သော ကိစ္စရပ်များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်သို့
ပြန်လည်ထားရှိရန် ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာ လွှတ်တော်က
ယင်းအဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအမည်စာရင်း
တင်သွင်းကြရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန် ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍
သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်းနှင့် လှိုင်မဲဆန္ဒနယ်မှ
ဦးအောင်ကျော်ကျော်ဦးတို့က ဆွေးနွေးကြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူ အတည်ပြုသည်။
လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ကြယ်ပွင့်ပြမေးခွန်းပေါင်း ၈၃ ခုအနက်
ကတိဖြစ်ခဲ့သော မေးခွန်း ၄၉ ခုရှိရာ ၁၂ ခုသာ ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်
ပထမပုံမှန်အစည်းအဝေးမှ ကြယ်ပွင့်မပြမေးခွန်းပေါင်း ၂၆၇ ခုအနက် ကတိဖြစ် ခဲ့သော မေးခွန်း
၁၄၉ ခုရှိရာ ၄၇ ခုသာ ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ ယင်းကို ကြည့်ခြင်းအားဖြင့် ကတိ
က၀တ်များ ဖော်ဆောင်ရာတွင် အားနည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် သေချာ ကွင်းဆင်းစစ်ဆေးပြီး
ဖြေကြားပေး ရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ကျော်သူထက်၊ မွှေးကြူဇင်
(သတင်းစဉ်)

No comments:
Post a Comment