နေပြည်တော် သြဂုတ် ၁၆
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပဉ္စမပုံမှန် အစည်းအဝေး ၄၄ ရက်မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်
မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ မြန်မာတစ်နိုင်ငံလုံး
ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဘွဲ့ရနေ့စားလပေး (ယာယီ) ၀န်ထမ်းများအား
၆ လပြည့်ပါက အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ပေးရန်နှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး
(အဝေးသင်တက္ကသိုလ်ဖြေနေဆဲ) နေ့စားလပေး(ယာယီ) ၀န်ထမ်းများအား တစ်နှစ်ခွဲ ပြည့်ပါက အမြဲတမ်းဝန်ထမ်းအဖြစ်
ခန့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့
ဥက္ကဋ္ဌ ဦးဝင်းသိမ်းက ၀န်ထမ်းအဖွဲ့အစည်းများတွင် ဖွဲ့စည်းပုံပါ စတင်ခန့်ရာထူးနေရာများ
လစ်လပ်သဖြင့် ၀န်ထမ်းသစ်များ ခန့်ထားရာ၌ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ ၂၀၀၉ ခုနှစ်နှင့်
၂၀၁၃ ခုနှစ်အတွင်း ညွှန်ကြားချက်များအရ ပြည်သူလူထု၏ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်
တိုက်ရိုက်အထောက်အကူပြု လုပ်ငန်းများဆောင်ရွက်နေသည့် ပညာ ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန
(ယခု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)၊ ပြည်ထဲ ရေးဝန်ကြီးဌာနများမှအပ ကျန်ဝန်ကြီးဌာနများတွင်
ခွင့်ပြုဝန်ထမ်း အင်အား၏ ၃ ပုံ ၂ ပုံ ကိုသာခန့် ထားဆောင်ရွက် လျက်ရှိပါကြောင်း။
ထိုသို့ဆောင်ရွက်ရာ၌
ခန့်ထားလိုသည့် ၀န်ထမ်းအင်အားသည် သတ်မှတ်ဖွဲ့စည်းပုံဘောင် အတွင်း ရှိ၊ မရှိ နှင့် ခန့်ထားမည့်
ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုလစာနှင့် စရိတ်လုံလောက်မှု ရှိ၊ မရှိ တို့ကို စိစစ်ရန် စီမံကိန်းနှင့်
ဘဏ္ဍာရေး ၀န်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာန၊ ရသုံးမှန်းခြေ
ငွေစာရင်းဦးစီးဌာနတို့၏ သဘော ထားမှတ်ချက်များ ညှိနှိုင်းရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့
တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်လျက်ရှိပါကြောင်း။
ဘွဲ့ရနေ့စားလပေး(ယာယီ)
ဝန်ထမ်းများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး (အဝေးသင် တက္ကသိုလ်ဖြေနေဆဲ) နေ့စားလပေး(ယာယီ)
ဝန်ထမ်းများအား လုပ်သက်နှစ် ကာလကြာရှည် နေသော်လည်း စတင်ခန့်ဝင်ပေါက်ရာထူး အတွက် သတ်မှတ်ထားရှိသည့်
အရည်အချင်းများနှင့် ကိုက်ညီမှုရှိမှသာ အမြဲတမ်းဝန်ထမ်းအဖြစ် ဦးစားပေးခန့်အပ် နိုင်မည်
ဖြစ်ပါကြောင်း၊ ထို့အတူ နေ့စား လပေးဝန်ထမ်းအဖြစ် ခန့်ထားခံရခြင်း မရှိသော်လည်း စတင်ခန့်ရာထူးတွင်
သတ်မှတ်ချက်နှင့် ညီညွတ်ပါက ဘွဲ့ရရှိပြီးသူများနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး
(အဝေးသင်တက္ကသိုလ် ဖြေနေဆဲ) သူများပါ လျှောက်ထားဖြေဆို၍ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားနိုင်ရေး
ဆောင်ရွက် လျက်ရှိပါကြောင်း။
အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် အဆိုပြုသည့်အတိုင်း ယာယီနေ့စားဝန်ထမ်းများ အား ကာလကန့်သတ်ချက်ဖြင့် အမြဲတမ်းဝန်ထမ်းအဖြစ်
ခန့်ထားနိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့်
တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ "ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ခွင့်ပြုချက်ရရှိပါက
ဌာန၏ လုပ်ငန်း လိုအပ်ချက်နှင့် ရာထူးနေရာလစ်လပ်မှုအပေါ်မူတည်၍ သတ်မှတ်အရည်အချင်း နှင့်ကိုက်ညီသည့်
လုပ်ငန်းစွမ်း ဆောင်ရည်ရှိသော ယာယီနေ့စားများကို ဦးစားပေး၍ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားခြင်းဖြစ်
ပါသဖြင့် အချိန်ကာလ သတ်မှတ်၍ ခန့်ထားရန် မဖြစ်နိုင်ပါကြောင်း" ဖြေကြားချက်များ
ပေးပို့ခဲ့ကြပါကြောင်း။
ထိုကြောင့် ဌာနဆိုင်ရာ
အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဘွဲ့ရနေ့စားလပေး (ယာယီ) ၀န်ထမ်းများအား ၆ လပြည့်ပါက
အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ပေးရန်နှင့် တက္ကသိုလ် ၀င်တန်းအောင်မြင်ပြီး (အဝေးသင်တက္ကသိုလ်
ဖြေနေဆဲ) နေ့စားလပေး (ယာယီ) ၀န်ထမ်းများအား တစ်နှစ်ခွဲပြည့်ပါက အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ပေးရန်
အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ
ဦးငွန်ဟေး၏ ဟားခါးမြို့နယ် သီနမ်းကျေးရွာအုပ်စု
သီနမ်းကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာရေးဌာနအဆင့်သို့ တိုးမြှင့်
ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သီနမ်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲသည်
ဟားခါးမြို့နယ်ဆေးရုံကြီးနှင့် ၃၆ မိုင်၊ ဇိုခွါးကျေးလက် ကျန်းမာရေးဌာနနှင့် ၁၅ မိုင်
ကွာဝေးပါကြောင်း၊ ထိုကြောင့် သီနမ်းကျေးလက် ကျန်းမာရေးဌာနခွဲအား အဆင့် တိုးမြှင့်ပေးရန်
ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထောက်ခံတင်ပြထားပါကြောင်း၊ ကျေးလက်ကျန်းမာရေး
ဌာနအဖြစ် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ထို့ပြင်
စံကိုက်အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏
ငွေလုံးငွေရင်းမှ ဆောက်လုပ်ပေးနိုင်ရန် ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် မွန်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒ နယ်အမှတ်(၁)မှ ဦးအေးမင်းဟန်နှင့်
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း တို့၏ မေးခွန်းများ နှင့်စပ်လျဉ်း၍
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်း
ဖြေကြားသည်။
ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ
ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏
အစီရင် ခံစာကို ကော်မတီဝင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာမျိုးအောင်က လွှတ်
တော်သို့ ဖတ်ကြားတင်ပြသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ
ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက်
ရယူသည်။
အဆိုပါ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်မှ အတည်ပြုပေးပါရန်
ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး
မဲဆန္ဒနယ် အမှတ်(၁)မှ ဦးကျော်သောင်းက ထောက်ခံဆွေးနွေး၍ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ရခိုင်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ မောင်တော၊
ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို
ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်
မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ
ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း
အဆိုနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၊ ရခိုင်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး
ရဲနိုင်ဦးနှင့် ဗိုလ်မှူးကြီး စိုးရွှေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်တို့က
အကြံပြု ဆွေးနွေးကြသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင် က အဆိုပါ ဒေသများတွင် နေထိုင်ကြသူများသည် တစ်လင် တစ်မယားစနစ်ကို
မကျင့်သုံးခြင်း၊ မွေးဖွားနှုန်းမြင့်မားခြင်းနှင့် အစိုးရ၏ လူဝင်လူထွက်ကွပ်ကဲမှု အားနည်းခြင်းတို့
ကြောင့် နှစ် ပေါင်း ၇၀ ခန့်အတွင်း လူဦးရေ သိန်းဂဏန်းအထိ များပြားလာပါကြောင်း။
ခေတ်အဆက်ဆက် အကြမ်းဖက်အဖွဲ့များသည်
ရခိုင်ကျေးရွာများအား မီးရှို့ခြင်းနှင့် ကျေးလက်ပြည်သူများကို သတ်ဖြတ်ခဲ့ကြပါကြောင်း၊
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မောင်တော မြို့နယ်ရှိ ရခိုင်ကျေးရွာ ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး
ယခုအခါ ရခိုင်များနေထိုင်သည့် ရွာများ သည် မောင်တောနယ်၌ ဆယ်ဂဏန်းခန့်သာ ကျန်ရှိပါကြောင်း၊
ထိုကြောင့် ပြည်သူများ အသက် အန္တရာယ်ဆုံးရှုံးရခြင်းနှင့် နိုင်ငံအချုပ်အချာအာဏာ ထိခိုက်ခြင်း
တို့ကို လွှတ်တော်မှ မှတ်တမ်း တင် သိမ်းထားရန်ထက် အတည်ပြုဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း
စသည်ဖြင့် ထောက်ခံ ဆွေးနွေးသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦးက မောင်တော ဒေသ၌ ယခုတိုက်ခိုက်နေသည့် အဖွဲ့အား အမျိုးသားလွှတ်တော်မှ
အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ပေးရန် တင်ပြပါကြောင်း၊ အစိုးရနှင့် လွှတ်တော်တို့မှ
အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ပေးခြင်းဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ
အဖွဲ့အစည်းများမှ လူ့အခွင့်အရေး ဗန်းပြပြီး ထောက်ပံ့နေသည့် အကူအညီများ၊ မီဒီယာမှ ၀ါဒဖြန့်စည်းရုံးခြင်းများ
ရပ်တန့်သွား မည်ဖြစ်ပြီး အကြမ်းဖက်ဥပဒေအရလည်း အရေးယူဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။
ထောက်ပံ့ကူညီမှုများတွင်
အချို့ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် INGO များပါဝင်နေခြင်း၊ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများ
နှင့်ဆက်စပ်နေခြင်း တို့ကြောင့် အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်မှသာ နိုင်ငံတကာမှ အကြမ်းဖက်
တိုက်ဖျက်ရေး အဖွဲ့များ၏ အကူအညီရရှိနိုင် သည့်အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြအစီရင်ခံခြင်းဖြင့်
အကြမ်းဖက်အဖွဲ့အစည်းများအား အားပေးကူညီမှုများကို ထိရောက်စွာ တားဆီးနိုင်မည်ဖြစ်ပါကြောင်း
စသည်ဖြင့် အဆို အား ထောက်ခံဆွေးနွေးသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပဉ္စမပုံမှန် အစည်းအဝေး ၄၅ ရက်မြောက်နေ့ကို သြဂုတ် ၁၈ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း
သိရသည်။
သူရဇော်၊ မီမီဖြိုး (သတင်းစဉ်)

No comments:
Post a Comment