Tuesday, August 1, 2017

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အာဆီယံနှစ်(၅၀)ပြည့် အထိမ်းအမှတ် “စာကြည့်တိုက်၊ ယဉ်ကျေးမှု၊ လူမှုဘဝနှင့် ရွှေရတုအာဆီယံ” ဖွင့်ပွဲအခမ်းအနား၌တက်ရောက်

နေပြည်တော် သြဂုတ် ၁
အာဆီယံနှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် စာကြည့်တိုက်၊ ယဉ်ကျေးမှု၊ လူမှုဘဝနှင့် ရွှေရတုအာဆီယံ အစီအစဉ် ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အာဆီယံ နှစ်(၅၀) ပြည့်အထိမ်းအမှတ် “စာကြည့်တိုက်၊ ယဉ်ကျေးမှု၊ လူမှုဘဝနှင့် ရွှေရတုအာဆီယံ အစီအစဉ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည့် စာတမ်းဖတ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် အာဆီယံနှစ် (၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်  အစီအစဉ်တွင် အာဆီယံပြခန်းနှင့် မြန်မာစာရေး ဆရာကြီးများ၏ လက်ရေးမူပြခန်း ကိုလည်း ပြသထားပြီး ခေတ်အဆက်ဆက်က ထင်ရှား ခဲ့သော မြန်မာစာရေးဆရာများ၏ လက်ရေးမူများကို လစဉ်ပြောင်းလဲပြသမည်ဖြစ်၍ လာရောက်လေ့လာရန် ဖိတ်ခေါ်ပါကြောင်း၊ ထို့ပြင် အမျိုးသား စာကြည့်တိုက် (နေပြည်တော်) ပင်မဆောင်၌ “ကာတွန်းအဖော် စာဖတ်ပျော် ကလေး စာကြည့်တိုက် လှုပ်ရှားမှုအစီအစဉ်ကို ကျင်းပသွားမည်ဖြစ်ပြီး ကာတွန်း ဆရာကြီးများ၏ စာဖတ်ရှိန်မြှင့်တင်ရေးကို ဖော်ဆောင်သည့် ကာတွန်းပုံများကို ချိတ်ဆွဲပြသခြင်း၊ ကလေးများ ကာတွန်းမှတစ်ဆင့် စာဖတ်လာစေရန် ဟောပြောဆွေးနွေးခြင်းတို့ကို သြဂုတ် ၁ ရက်မှ ၃ ရက်အထိ  ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယနေ့စာတမ်းဖတ်ပွဲသို့ တက်ရောက်ဆွေးနွေးကြမည့် စာတမ်းရှင်များ၏ တင်ပြချက်များသည် အာဆီယံ ဒေသ၏ လူမှု - ယဉ်ကျေးမှုဘဝအတွက် ထင်ဟပ်အထောက်အကူပြု လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
စာတမ်းဖတ်ပွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ စာကြည့်တိုက်မှူး ဒေါ်မျိုးက အာဆီယံဒေသရှိ ဓလေ့ထုံတမ်းပုံပြင်များ စာတမ်းကိုလည်းကောင်း၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှ စာကြည့်တိုက်မှူး ဒေါက်တာလှိုင်လှိုင်ကြီးက “အာဆီယံ မျှော်မှန်းချက်နှင့် စာကြည့်တိုက်အမြင် စာတမ်းကို လည်းကောင်း၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာ ကေသီအေး ကအာဆီယံဒေသ ကလေးစာကြည့်တိုက်များ စာတမ်းကိုလည်းကောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခ(ဂီတပညာဌာန) ဦးမောင်မောင်ဇော်ထက် (ခ) ဓီရာမိုရ် က “အာဆီယံဒေသ၏ ဂီတ စာတမ်းကိုလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးရဲမြတ်အောင်က “အာဆီယံဒေသရှိ ပြတိုက်များ စာတမ်းကို လည်းကောင်းဖတ်ကြားကြရာ တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment