Tuesday, August 1, 2017

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆန်းစစ်လေ့လာခြင်း စာတမ်းဖတ်ပွဲ (၆/၂၀၁၇) ကျင်းပ

နေပြည်တော် သြဂုတ် ၁
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအစီအစဉ်များအတွက် ဆန်းစစ်လေ့လာခြင်းစာတမ်း(၆/၂၀၁၇)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ဖတ်ကြားရာ ဆန်းစစ်တွေ့ရှိချက်များအရ Facebook လူမှုကွန်ယက်မီဒီယာသည် အချိန်တိုအတွင်း ပညာပေးမှုကို ပြန့်နှံ့အောင် ဆောင်ရွက်နိုင်ကြောင်း၊ ရုပ်မြင်သံကြားနှင့်ရေဒီယိုများ၊ သတင်းစာ၊ ဂျာနယ်၊ လက်ကမ်းစာစောင်များ၊ ဟောပြောပွဲများ၊ အသိပညာပေးသင်တန်းများ၊ ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားခြင်း စသည်တို့သည် လည်း အစဉ်အလိုက် အသိပညာပေးမှုများကို ပြန့်နှံ့စွာ ဆောင်ရွက်နိုင်ကြောင်း တင်ပြဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သဘာဝဘေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ပြည်သူများထံ အသိပညာရောက်ရှိရေးအတွက် ထိရောက်သောနည်းလမ်းများ ရှာဖွေဖော်ထုတ်ရန် အရေးကြီး ကြောင်း၊ သုတေသနပြုလုပ်ခြင်း၊ လေ့လာဆန်းစစ်ချက် ဆောင်ရွက်ခြင်းများသည် ဝန်ကြီးဌာန၏ လုပ်ငန်းအကောင် အထည်ဖော်မှုတွင် မရှိမဖြစ်အရေးကြီးပါကြောင်း၊ မိမိတို့၏ လေ့လာဆန်းစစ်ချက် မှတ်တမ်းများသည် နိုင်ငံကို ကိုယ်စားပြုသည်အထိ နည်းစနစ်ကျနစွာ ဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ အခြားသော ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများအတွက်လည်း အထောက်အထား၊ အချက်အလက်များ ပံ့ပိုးပေးနိုင်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပြီး ဝန်ထမ်းများကလည်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment