Tuesday, August 1, 2017

အာရှဒေသ သစ်တောပူးပေါင်းဆောင်ရွက်မှု အဖွဲအစည်းတည်ထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်၌ မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုး

နေပြည်တော်၊ သြဂုတ် ၁
အာရှဒေသ သစ်တောပူးပေါင်းဆောင်ရွက်မှု အဖွဲအစည်းတည်ထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲအခမ်းအနားကို ဇူလိုင် ၃၁ ရက်၌ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်။

ယင်းသဘောတူစာချုပ်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ တီမောလက်စ်တေ၊ ဘူတန်၊ ဘရူနိုင်းဒါရုဆလမ် နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတိုက လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။ သဘောတူ စာချုပ် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများအား ဖြေရှင်းရန်အတွက် ရေရှည် တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှု မူဘောင်အတွင်းမှ ကောင်းမွန်သည့်နည်းပညာနှင့် မူဝါဒများကို ခိုင်မာသည့် လုပ်ငန်းစဉ်များအဖြစ် ပြောင်းလဲအကောင်အထည်ဖော်ကာ ဒေသတွင်းသစ်တောလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်သွားနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတကာအစိုးရ အဖွဲ့အစည်းများအကြား ဆက်ဆံရေးပိုမိုနီးကပ် ကောင်းမွန်လာနိုင်မည်ဖြစ်ပြီး သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများအတွက် အဖွဲ့ဝင်နိုင်ငံများအကြား နည်းပညာနှင့် အတွေ့အကြုံများ မျှဝေဖလှယ်နိုင်မည်ဖြစ်ကာ သစ်တောစီမံအုပ်ချုပ်မှု ကဏ္ဍတွင် ဆန်းသစ်သောနည်းပညာများ၊ မူဝါဒများနှင့် အတွေ့အကြုံကောင်းများရရှိ၍ မြန်မာနိုင်ငံ၏ သစ်တောလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်၊
အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်းတည်ထောင်ခြင်းအစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၌ ASEAN-Korea Forest Cooperation Regional Education and Training Center – AFoCo RETC) ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်၌ စတင်တည်ဆောက်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ပြီးစီးမည်ဖြစ်သည်၊ အဆိုပါသင်တန်းကျောင်း၏ စီမံကိန်းကာလမှာ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၁၀)နှစ်ကာလဖြစ်ပြီး၊ ထောက်ပံ့ငွေရံပုံငွေမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ သန်းဖြစ်သည်၊ အာရှဒေသအတွင်းရှိ နိုင်ငံအသီးသီးမှ သင်တန်းသားများကို ဖိတ်ကြား၍ ကာလတို သင်တန်းကို ရက်သတ္တပတ်(၁)ပတ်၊ ကာလရှည်သင်တန်းကို ရက်သတ္တပတ် ၂ ပတ်မှ ၆ လအထိ ပို့ချဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်၊

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း ကိုရီးယားအမျိုးသား သစ်မျိုးစုံဥယျာဉ်သို့ သွားရောက်ကာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု၊ မျိုးစိတ်များနှင့် အပင် သယံဇာတ ထိန်းသိမ်းခြင်း နည်းပညာ ဆောင်ရွက်မှုတို့ကို လေ့လာခဲ့သည်။ သစ်တောဦးစီးဌာနအနေဖြင့် ကိုရီးယား အမျိုးသားသစ်မျိုးစုံ ဥယျာဉ်နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံသစ်တောများအတွင်း အပင်မျိုးစိတ် သယံဇာတစာရင်း ကောက်ယူခြင်း၊ အပင်မျိုးစိတ် ပန်းပုံစံနမူနာများ စုဆောင်းမျိုးခွဲ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment