Thursday, August 17, 2017

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် သြဂုတ် ၁၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၈ ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်း အဝေး ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့နယ် နှာဟရိန် (က) ကျေးရွာအုပ်စုအား ရပ်ကွက် (၂)ရပ်ကွက်ပါဝင်သော နှာဟရိန်မြို့အဖြစ်လည်းကောင်း၊ မင်းတပ်ခရိုင် မင်းတပ်မြို့နယ် မတွီအိမ်နူးကျေးရွာ အုပ်စုအား ရပ်ကွက် (၄) ရပ်ကွက်ပါဝင်သော မတွီအိမ်နူးမြို့ အဖြစ်လည်းကောင်း၊ ဟားခါးခရိုင် ဟားခါးမြို့နယ်ရှိ ရပ်ကွက် ၆ ရပ်ကွက်ကို ဧရိယာ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ရပ်ကွက် (၂)ရပ်ကွက် တိုးချဲ့ဖွဲ့စည်းခြင်းတို့ကို လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး တမူးခရိုင် တမူးမြို့နယ်ရှိ ထင်းစင်ကျေးရွာ အုပ်စုရှိ တိန်းကယား (မြန်မာ)ကျေးရွာနှင့် တိန်း ကယား (ချင်းရွာ) တို့ကို ကျေးရွာ (၂) ရွာကို စုစည်းပြီး တိန်းကယား ကျေးရွာ အုပ်စုအဖြစ် တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းကို လည်းကောင်း လွှတ်တော်က မှတ်တမ်း တင်သည်။

ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရ အဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ကုန်သွယ် လုပ်ငန်းခွန် ဥပဒေကို ၁၉၉၀ ပြည့်နှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၁၁ ခုနှစ်တွင် တတိယအကြိမ်၊ ၂၀၁၄ ခုနှစ်တွင် စတုတ္ထအကြိမ် ပြင်ဆင်ခဲ့ပြီး  ၂၀၁၅ ခုနှစ်တွင် ထပ်မံ ပြင်ဆင်ခဲ့ပါကြောင်း၊  ယခုတင်ပြသည့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပယ်ဖျက်ခြင်း ၁၇ ရပ်၊ စကားရပ်အစားထိုးခြင်း ၇ ရပ်နှင့် အစားထိုး ပြင်ဆင်ခြင်း ၁၀ ရပ် ပါဝင်ပါကြောင်း၊  ကုန်သွယ် လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်လိုခြင်း၏ အကြောင်းအရင်းများမှာ ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် တန်ဖိုးဖြည့်အခွန်စနစ်သို့ မကြာမီ ကာလအတွင်း ဥပဒေရေးဆွဲ ပြောင်းလဲ ဆောင်ရွက် ကျင့်သုံးရန်ရှိခြင်း၊ အခွန်စနစ် ထိရောက် ကောင်းမွန်စေပြီး ခေတ်စနစ် နှင့်အညီ လိုက်လျော ညီထွေရှိစေရန်အတွက် အခွန်စီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ် နည်း ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းကျင့်သုံးနိုင်ရန် ဥပဒေကြမ်းတစ်ရပ်ရေးဆွဲ ဆောင်ရွက်လျက် ရှိခြင်းတို့ကို အထောက် အကူဖြစ်စေရန် ဖြစ်ပါကြောင်း။

ထို့ပြင် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြဋ္ဌာန်းချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း အတွက် တပ်ရိုက်သည့် ဒဏ်သည် ထိရောက် ဟန့်တားနိုင်သည့် ပြစ်ဒဏ်ဖြစ်ရေး၊ ပျက်ကွက်မှု အမျိုးအစားအလိုက် သင့်လျော်သည့် ဒဏ်တပ်ရိုက်မှု ဖြစ်ရေး၊ ဥပဒေပြဋ္ဌာန်းများကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အခွန်ဆိုင်ရာ မက်လုံးပေးမှုများအဖြစ် ချီးမြှင့်မှုများ ပြုလုပ် နိုင်ရန် လုပ်ထုံးလုပ်နည်းများ ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ပြဋ္ဌာန်းပေးနိုင်ရေးတို့အတွက် ပြင်ဆင်လိုခြင်း ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော ခရစ်ယာန် ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း  ဆုံးဖြတ်သည်။

ဆက်လက်ပြီး ပြည်ထောင်စုအစိုးရ အဖွဲ့မှ ပေးပို့သော အခွန်အယူခံ ခုံအဖွဲ့ဥပဒေ ကြမ်းကို ပြည်ထောင်စု အစိုးရ အဖွဲ့ကိုယ်စား  စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက အခွန်အယူခံခုံ ဥပဒေကြမ်းကို  ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ် ဇူလိုင်လ ပထမ (မူကြမ်း) မှ ပဉ္စမ (မူကြမ်း) အထိ အဆင့်ဆင့် ရေးဆွဲပြုစုခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဆက်စပ် ဌာနများနှင့် ညှိနှိုင်း အစည်းအဝေးများ အကြိမ် ကြိမ်ပြုလုပ်ကာ အကြံပြုချက်များကိုလည်း ရယူ ဆောင်ရွက်ခဲ့ပါကြောင်း။

ဥပဒေကြမ်း၌ နိုင်ငံတော်က ဥပဒေနှင့်အညီ အခွန်စည်းကြပ် ကောက်ခံရာတွင် စွမ်းဆောင်ရည် မြင့်မားသော အခွန်စီမံခန့်ခွဲမှု ဖြစ်စေရန်နှင့် အခွန်ထမ်းများ၏ ယုံကြည် ကိုးစားမှုကို ရရှိရန်၊ နိုင်ငံသားနှင့် အခွန်ထမ်းများသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရာ၌ တန်းတူညီမျှမှုနှင့် တရားမျှတမှုအခွင့်အရေး ရရှိရန်နှင့် နိုင်ငံသားနှင့် အခွန်ထမ်း တိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန် အကောက်များကို ပေးဆပ်ရာ၌ ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရန် ဆိုသည့် ရည်ရွယ်ချက် ပါဝင်ပါကြောင်း။

ယခု ဥပဒေကြမ်းကို ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ပါက ပြည်သူများ ဥပဒေပါ အခွင့် အရေးများကို အပြည့်အ၀ ရရှိခံစားနိုင်စေရန် တင်သွင်းရခြင်းဖြစ်ပါကြောင်း ရှင်းလင်း တင်ပြသည်။

မျိုးမြင့်၊ အေးအေးသန့် (သတင်းစဉ်)

No comments:

Post a Comment