Tuesday, August 22, 2017

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် တရုတ်ရုပ်သံဇာတ်လမ်းတွဲ စတင်ပြသခြင်း အခမ်းအနားနှင့် အသံသွင်းခန်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၂၂
တရုတ်နိုင်ငံ ကွမ်ရှီးပြည်သူ့အသံလွှင်ဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ ပူးပေါင်းထုတ်လွှင့်သော တရုတ် ရုပ်သံဇာတ်လမ်းတွဲ အစီအစဉ်စတင် ကျင်းပခြင်း အခမ်းအနားနှင့် အသံသွင်းခန်းဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို နေပြည်တော် (တပ်ကုန်း)ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က  အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နေပြီး မြန်မာနိုင်ငံ၏ ပြန်ကြားရေးကဏ္ဍအပါအဝင် အခြားကဏ္ဍများတွင်လည်း ယနေ့ထက်တိုင် ကာလကြာရှည်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း။
ကွမ်ရှီးရုပ်သံ (GXBS) နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) တို့အကြား အသံလွှင့်လုပ်ငန်းများ သဘော တူညီချက်အရ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကိုယ်စားလှယ်များအပြန်အလှန် လေ့လာရေးခရီးအကြိမ်ကြိမ် သွားရောက်ခဲ့ပါကြောင်း၊ ခရီးစဉ်များအတွင်း ဆွေးနွေးမှုများအရ ဖြည့်စွက်သဘောတူစာချုပ်ကို လက်မှတ် ရေးထိုး နိုင်ခဲ့ပြီး တရုတ်ရုပ်မြင်သံကြားအစီအစဉ် ပူးတွဲထုတ်လွှင့်ရန် သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး နိုင်ခဲ့ပါကြောင်း၊ ယခုမှစ၍ မဝေးတော့သည့် အနာဂတ်တွင် သဘောတူညီချက်များအတိုင်း ကဏ္ဍများအားလုံး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ လက်မှတ်ရေးထိုးပြီး အစီအစဉ်များ ပူးပေါင်းထုတ်လွှင့်ခြင်းအားဖြင့် MRTV ၏ အစီအစဉ်များသည်  ပိုမို စုံလင်လာမည်ဖြစ်သည့်အတွက် PSB ကူးပြောင်းမှုတွင်လည်း အထောက်အကူ ဖြစ်သကဲ့သို့ အဖွဲ့အစည်းနှစ်ခုအကြား ကူးလူးဆက်ဆံမှုများ မြှင့်တင် ဆောင်ရွက်ရာ ရောက်ပါကြောင်း။
ယနေ့တွင် တရုတ်ရုပ်သံဇာတ်လမ်းတွဲ "မင်္ဂလာပါ ချောင်အန်း"ကို မြန်မာ စကားပြောဖြင့် မြန်မာ့ရုပ်မြင် သံကြားတွင် ထုတ်လွှင့်နိုင်တော့မည်ဖြစ်ပါကြောင်း၊ ဤဇာတ်လမ်းသည် တရုတ်နိုင်ငံတွင်  လူကြိုက်များပြီး ဘ၀တွင် တွေ့ကြုံလာသည့် အခက်အခဲများကို ကြံ့ကြံ့ခံနိုင်သည့် စိတ်ဓာတ်အားမာန်ကို အတုယူစေနိုင်မည့် ဇာတ်လမ်းဖြစ်ရာ မြန်မာပရိသတ်များအနေဖြင့်လည်း နှစ်ခြိုက်အားပေးကြမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီအမြဲတမ်းကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီး မစ္စဖန့်ရှောင်လိ က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် စတင်ပြသမည့် မင်္ဂလာပါချောင်းအန်းအမည်ရှိ ဇာတ်လမ်းတွဲနမူနာ အားပြသပြီး မြန်မာအသံနှင့် ရုပ်မြင်သံကြားနှင့် ကွမ်ရှီးပြည်သူ့အသံလွှင့်ဌာနတို့ ပူးပေါင်းထုတ်လွှင့်သော ရုပ်သံဇာတ်လမ်းတွဲအစီအစဉ် စတင်ပြသခြင်းအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ကွမ်ရှီးကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသပါတီ အမြဲတမ်းကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီး မစ္စဖန့်ရှောင်လိနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ကွမ်ရှီးကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပါတီအမြဲတမ်း ကော်မတီဝင် ပြန်ကြားရေးဝန်ကြီး မစ္စဖန့်ရှောင်လိတို့က အသံသွင်းခန်းဆိုင်းဘုတ်အား ဖွင့်လှစ်ပေးပြီး အသံသွင်းခန်း အတွင်း လှည့်လည် ကြည့်ရှုကြသည်။

(သတင်းစဉ်)  

No comments:

Post a Comment