Tuesday, August 22, 2017

မြန်မာသမိုင်းအဖွဲ့လပတ်အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

နေပြည်တော် သြဂုတ် ၂၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက် ဦးစီးဌာနမှ ဦးစီးကျင်းပ သော မြန်မာသမိုင်းအဖွဲ့ လပတ် အစည်းအဝေးကို (၂၁-၈-၂၀၁၇) ရက်တွင် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန(ရန်ကုန်)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်း ဖြစ်ပေါ် လာရေးအတွက် ခေတ်အလိုက် မြန်မာသမိုင်းအဖွဲ့ဝင်များက အသီးသီး တာဝန်ယူ ဆောင်ရွက်ကြရာ သမိုင်းဖြစ်စဉ် အမှန်ကိုအမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ပြုစုရေးသားရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြန်မာသမိုင်းအဖွဲ့ဝင်များမှ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးကြရာတွင် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်ကို ပြန်လည်စိစစ်ပြီး ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ တစ်ဆက် တစ်စပ်တည်းသော မြန်မာသမိုင်းကြောင်းကို ဖော်ထုတ်ရေးသားရန်အတွက် လုပ်ငန်းစီမံချက်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်နေမှု၊ သုတေသနလုပ်ငန်းများနှင့် သုတေသန စာတမ်းများရေးသားရန် လိုအပ်သည်များ ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးချက်များအပေါ် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က ဌာနက ဆောင်ရွက် ဖြည့်ဆည်းပေးမည့် အစီအစဉ်များ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သမိုင်းအနာဂတ်အတွက် Human Resource များ မပျောက်ပျက်ရန်၊ အရှည်ရှင်သန်နေရန်နှင့် စွမ်းရည်မြှင့်တင်ရန်အတွက် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နေ မှုနှင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်နေမှု၊ သုတေသနစာစောင်များ ထုတ်ဝေမှုများအတွက် ဆောင်ရွက် ထားရှိမှုများအပေါ် အားရကျေနပ်မိပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)

No comments:

Post a Comment