Wednesday, August 30, 2017

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၅၂ ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် သြဂုတ် ၃၀

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၅၂ ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးထိန်ဝင်း ၏ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့ မြန်မာ့မီးရထား တိုင်းအမှတ်(၉) နယ်မြေ အတွင်းရှိ ပျက်စီးနေသော မီးရထားကုန်ရုံလမ်းအား ယခုဘဏ္ဍာနှစ်အတွင်း ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက မြန်မာ့မီးရထား၊ တိုင်းအမှတ် (၉)နယ်မြေ ဟင်္သာတဘူတာယာဒ်ဝင်း အတွင်းရှိ ကုန်ရုံလမ်းသည် ၂၆၃၆ပေ ရှည်လျား ပါကြောင်း၊ ကုန်ရုံလမ်း၏ တစ်ဘက်တစ်ချက်တွင် ဘူတာဈေး၊ ယခင်မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် (MIC)၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော မြန်မာ့မီးရထားပိုင် ဆိုင်ခန်း များနှင့် ၀န်ထမ်းလိုင်းခန်းများ တည်ရှိပါကြောင်း၊ ဟင်္သာတဘူတာ၌ ယခင်က ဆန်၊ ဘိလပ်မြေနှင့် ခြံထွက်သီးနှံများကို အဓိကထားပြီး မီးရထားဖြင့် သယ်ယူပို့ဆောင် ရာတွင် အဆိုပါလမ်းကို အသုံးပြု ခဲ့ပါကြောင်း၊ ကုန်ရုံမှာ လွန်ခဲ့သော နှစ် ၂၀ ခန့် ကတည်းက တွဲလုံးပြည့် ကုန်တင်၊ ကုန်ချ လုပ်ငန်းများ မရှိတော့ပါသဖြင့် ၄င်းကုန်ရုံကို MIC ၏ ခွင့်ပြုချက်ဖြင့် ဆိုင်ခန်းများအဖြစ် မြန်မာ့မီးရထားမှ အငှားချ ထားပြီး ဖြစ်ပါကြောင်း။

လက်ရှိ ဘူတာဆိုင်ခန်း ပိုင်ရှင်များ၊ ဆန်ပွဲရုံ ပိုင်ရှင်များကသာ ၄င်းတို့ပိုင် ကုန်တင် ကားကြီးဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အဆိုပါ ကုန်ရုံလမ်းအား အသုံးပြုလျက် ရှိသောကြောင့် ချိုင့်ခွက်များဖြင့် ယိုယွင်း ပျက်စီးလျက်ရှိပါကြောင်း၊ ကုန်ရုံလမ်းတွင် လက်ရှိ ပေါက်ပြဲနေသော ချိုင့်ခွက်များကို ပြန်လည်ပြုပြင်မည် ဆိုပါက ခန့်မှန်းငွေကျပ် ၉ ဒသမ ၆၇ သန်းကုန်ကျမည် ဖြစ်ပါကြောင်း၊ ကုန်ရုံလမ်း အတွင်း ကားများဝင်/ထွက်သွားလာမှု အဆင်ပြေစေရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပွင့်လင်းရာသီတွင် ပေါက်ပြဲနေသော ချိုင့်ခွက်များ ပြန်လည်ပြုပြင်ခြင်းကို မြန်မာ့ မီးရထား၊ မြို့ပြအင်ဂျင်နီယာဌာန၊ သာမန်အသုံးစရိတ် ရန်ပုံငွေမှ ကျခံ၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာ့မီးရထား အနေဖြင့် နှစ်စဉ် ခွဲဝေရရှိသော ရန်ပုံငွေဖြင့် ခရီးသည်နှင့် ကုန်စည် ရထားများ ဘေးကင်းလုံခြုံစိတ်ချစွာ သွားလာနိုင်ရေး အတွက် မြန်မာ့မီးရထား လမ်းပိုင်းနှင့် တံတားများ အဆင့်မြှင့်တင်ပြုပြင် ထိန်းသိမ်း ခြင်းလုပ်ငန်းများကို အဓိက ဦးစားပေး ဆောင်ရွက်နေ ရပါသဖြင့် ရထားလုပ်ငန်း အတွက် အသုံးပြုခြင်း မရှိတော့သည့် ဟင်္သာတမြို့၊ မီးရထား ကွန်ကရစ် လမ်းအား ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် သွားလာမှု ကောင်းမွန်စေရေး အတွက် ပြုပြင်ခြင်း လုပ်ငန်းများကိုသာ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၏ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ပိန်နဲချောင်းအုပ်စု၊ မညင်းကိုင်းကျေးရွာရှိ ဟောင်းနွမ်းပျက်စီးနေသော သစ်သားတံတားကို RC ကွန်ကရစ် တံတားသစ်အဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပေါက်တော မြို့နယ်၊ အလယ်ဖရုံကာကျွန်း၊  ပိန်နဲချောင်းအုပ်စု၊ မညှင်းကိုင်းကျေးရွာရှိ ဟောင်းနွမ်းပျက်စီးနေသော သစ်သား တံတားသည် မြင့်ဂါ-ဖဒူလမ်းမှ မညှင်းကိုင်းကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာ ချင်းဆက် မြေသားလမ်းပေါ်တွင် တည်ရှိပါကြောင်း၊ မြင့်ဂါ-ဖဒူလမ်းမှ မညှင်းကိုင်း ကျေးရွာသို့ ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်မည်ဆိုပါက လယ်ယာမြေ များကို ဖြတ်သန်း ဖောက်လုပ်ရမည် ဖြစ်ပြီး ထိခိုက်နစ်နာမှုများ ရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် လယ်ကန်သင်းဘောင်မှ သွားလာရသော လူသွားလမ်းကြောင်း အဆင့်သာရှိပြီး သစ်သားတံတားမှာ ဟောင်းနွမ်း ပျက်စီးနေပြီ ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် အရှည်၃မိုင်ခန့်ရှိပြီး မညှင်းကိုင်းကျေး ရွာ အ၀င် သံကူကွန်ကရစ် တံတားအပြင် Box Culvert ၅စင်းနှင့် ကွန်ကရစ်တံတား ၂စင်းတို့အား ထည့်သွင်း တည်ဆောက်ရမည် ဖြစ်ပါကြောင်း။

မညှင်းကိုင်း ကျေးရွာရှိ သစ်သားတံတားကို RC ကွန်ကရစ် တံတားသစ်အဖြစ် တည်ဆောက်ခြင်း လုပ်ငန်းမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ် ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်း ရေးဆွဲထားကြောင်း သိရှိရပြီး Master Plan ၁၅ နှစ် စီမံကိန်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြင့်ဂါ-ဖဒူလမ်းမှ မညှင်းကိုင်း ကျေးရွာဆက် မြေသားလမ်း ၃မိုင်အား  ထည့်သွင်း ရေးဆွဲထားရှိပါ ကြောင်း ဖြေကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ ၀န်ကြီး ဦးကျော်လင်း ကပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက် အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ အရေးယူ ပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက် ရပ်တည်နိုင်ရေး အတွက် အရေးတယူ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကြည်ဝင်းက အကြမ်းဖက် တိုက်ဖျက်ရေးဗဟို အဖွဲ့အနေဖြင့် အကြမ်းဖက် ဥပဒေပုဒ်မ ၆ (င)အရ အကြမ်းဖက် အဖွဲ့ အဖြစ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အကြမ်းဖက်မှုကို သတ်မှတ်ကြေညာပြီး ဖြစ်ပါကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၁၅) အရ အပြည်ပြည်ဆိုင်ရာ ဥပဒေအဖွဲ့၊ အကြမ်းဖက် တိုက်ဖျက်မှု ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် ညှိနှိုင်းဆောင်ရွက် နေပါကြောင်း။

မိမိတို့ ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခန့်အပ်တာဝန် ပေးလိုက်သော ပြည်ထောင်စု အစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ရခိုင် ပြည်နယ်ပြည်သူများအတွက်  ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ အဆိုရှင်၏ ဆန္ဒနှင့် ညီညွှတ်ဆီလျှော်သည်ဟု တင်ပြလိုပါကြောင်း ဆွေးနွေးသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်တို့က ဆက်လက် ဆွေးနွေးကြသည်။

အဆိုနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက မောင်တော ဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ပြစ်မှုကျူး လွန်သူများကို ရာဇသတ်ကြီး ဥပဒေနှင့် အထူး ဥပဒေများတွင် ပြဋ္ဌာန်းထားသည့် ပြစ်မှုများဖြင့် အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေးပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ သက်ဆိုင်ရာ ဥပဒေရုံးများသို့ ဥပဒေအကြံပြုချက် တောင်းခံခြင်း၊ ဥပဒေရုံးများ၏ အကြံပြုချက်နှင့်အညီ သက်ဆိုင်ရာ တရားရုံးများသို့ တရားစွဲတင်ခြင်းဖြင့် ပြစ်မှုကျူး လွန်သူများကို ထိုက်သင့်သည့် ပြစ်ဒဏ်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖြစ်စဉ် စတင်ဖြစ်ပွားသည့် ၂၀၁၆ခုနှစ် အောက်တိုဘာလ ၉ရက်မှ ၂၀၁၇ခုနှစ် သြဂုတ်လ ၁၆ ရက်အထိ စုစုပေါင်း ၄၆၆မှု ဖမ်းဆီး အရေးယူခဲ့ပြီး တရားရုံး စစ်ဆေးပြီး ၁၁၆မှု၊ တရားရုံး စစ်ဆေးဆဲ ၁၄၇မှု၊ ရဲစစ်ဆေးဆဲ ၁၈၀မှုနှင့် ပိတ်သိမ်းမှု ၂၃မှု တို့ ဖြစ်ပါကြောင်း။

မောင်တောခရိုင်အတွင်း နိုင်ငံတော်အစိုးရ အနေဖြင့် တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆောင်ရွက်နေသည်ကို အခွင့်ကောင်းယူကာ အစွန်းရောက် အကြမ်းဖက်များက အကြမ်းဖက် လုပ်ရပ်များကို တိုးမြှင့်ဆောင်ရွက်လာသည့်အတွက် အကြမ်းဖက်သမားများနှင့် ယင်းအကြမ်းဖက် သမားများအတွက် တာဝန်ရှိသော Arakan Rohingya Salvation Army (ARSA) တို့ကို ၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ရက်တွင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက် အုပ်စုဖြစ်သည်ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကြေငြာခဲ့ ပြီး ဖြစ်ပါကြောင်း။

တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ လုံခြုံရေး အင်အားများ တိုးမြှင့်ချထားပြီး ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်လျက်ရှိသကဲ့သို့ ဒေသခံတိုင်းရင်း သားကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်လက် ရပ်တည်နိုင်ရေးအတွက်လည်း ရခိုင်ပြည်နယ်ရှိ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်များသို့ ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ စဉ်ဆက်မပြတ် သွားရောက်၍ ဒေသလုံခြုံ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက် ရေးအတွက် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်နေ သကဲ့သို့ ဒေသအတွင်း လက်ရှိ အခြေအနေ များအရ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စစ်တွေခရိုင်နှင့် မောင်တောခရိုင်အတွင်းရှိ ဆက်စပ်သော လမ်း၊ တံတားများနှင့် မေယုတောင်ကြော အရှေ့အနောက် ဆက်သွယ်သည့် တောင်ကျော် လမ်းများ၊ လမ်းကွန်ရက်များကိုလည်း ဦးစားပေး လုပ်ဆောင်လျက်ရှိသည့် အပြင် လျှပ်စစ်ဓာတ်အား မရရှိ သေးသည့် မြို့ရွာ များသို့ နိုင်ငံတော် လျှပ်စစ်ဓာတ်အားပေး စနစ်မှ ရယူဖြန့်ဖြူးပေးနိုင်ရန်အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ရခိုင်ပြည်နယ် အတွင်း အုပ်ချုပ်ရေး ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ရေတို ရေရှည် အစီအမံများဖြင့် ဖြေရှင်း ဆောင်ရွက်လျက်ရှိသည့် အပြင် လတ်တလော နေရပ်စွန့်ခွာ နေကြ ရသူများ၏ လုံခြုံရေးနှင့်ရေရှည် ရပ်တည် နေထိုင်နိုင်ရေး တို့ကိုလည်း အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း။

အစွန်းရောက် အကြမ်းဖက်သမားများနှင့် အားပေး ကူညီသူများကို အကြမ်းဖက် ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လိုအပ်သည့် ဒေသများတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ (ညမထွက်ရအမိန့်) ထုတ်ပြန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသခံ တိုင်းရင်းသားများကို အကာအကွယ် ပေးနိုင်ရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ လုံခြုံရေး အင်အားများ တိုးမြှင့်ချထား ဆောင်ရွက်ပေးလျက် ရှိပြီး ဒေသဖွံ့ဖြိုးရေး ကိုလည်း အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အဆိုအား အတည်ပြုသင့်ပါကြောင်း ဆွေးနွေးသည်။

ထို့နောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုကို အတည်ပြုရန် စက်ခလုတ် အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ (၁၈၇)မဲ၊ ကန့်ကွက်မဲ (၁)မဲ၊ ကြားနေမဲ ၃မဲဖြင့် ထောက်ခံမဲများသည့်အတွက် ဦးခင်မောင်လတ် ၏ အဆိုကို အတည်ပြုကြောင်း ကြေညာ သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၅၃ ရက်မြောက် နေ့ကို သြဂုတ်လ ၃၁ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ မီမီဖြိုး

No comments:

Post a Comment