Wednesday, August 30, 2017

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် သြဂုတ် ၃၀

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၀ ရက် မြောက် နေ့ကို ယနေ့ မွန်းလွဲ ၁နာရီခွဲနာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီအရင်ခံစာများအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။


ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ  တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီအရင်ခံစာ(၁၀/၂၀၁၇) အပေါ် လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၊ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ပြင်ဦး လွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်၊ ကျိုက်လတ် မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ဆိပ်ကြီး ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်နှင့် ပုလဲ မဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်တို့က ဆွေးနွေးကြသည်။

အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို က မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံမှ ၀ယ်ယူမှု ကန့်သတ်လိုက်ခြင်း သည် ကုန်သွယ်မှုလိုငွေကို မြင့်တက်စေပြီး ငွေတန်ဖိုးကိုပါ ထိခိုက် ကျဆင်းလာနိုင်ပါကြောင်း၊ ငွေကြေး ဖောင်းပွမှုလည်း တိုးမြင့်လာနိုင်ပြီး တိုင်းပြည်၏ စီးပွားရေးကို ထိခိုက်နိုင်ပါကြောင်း။

သို့ဖြစ်၍  မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်စပါး အပါအ၀င် ကောက်ပဲသီးနှံမျိုးစုံကို ပြည်ပသို့တင်ပို့ ရောင်းချရာတွင် ယခုကဲ့သို့ မလိုလားအပ်သည့် ပြသနာများ ပေါ်ပေါက်လာပါက တောင်သူများ၏ အကျိုး စီးပွားနှင့် ပြည်ပကုန်သွယ်ရေးကဏ္ဍ မထိခိုက်စေရေး အတွက် နည်လမ်းကောင်းများ ရှာကြံသင့်ပါကြောင်း၊ ပြည်ပသို့မတင်ပို့မီ နိုင်ငံတော်မှ နိုင်ငံတကာ ဈေးနှုန်းနှင့်ချိန်ထိုးပြီး သင့်တင့်သည့် ဈေးနှုန်းတစ်ခုသတ်မှတ် ၀ယ်ယူပေး သင့်ပါကြောင်း။

ဝယ်ယူရာတွင်လည်း သိုလှောင်ရုံ အခက်အခဲများ ရှိပါက ပြည်တွင်း ကုန်သည်ကြီး များနှင့်ညှိနှိုင်းပြီး ဖြေရှင်းသင့်ပါကြောင်း၊ ထို့ပြင် မိမိနိုင်ငံမှ ထွက်ရှိသည့် သီးနှံများဈေး ကောင်းရရှိရေးနှင့် ဈေးကွက်ချဲ့ထွင် နိုင်ရေးအတွက် သီးနှံများကို ခေတ်မှီ နည်းစနစ်များဖြင့် ကုန်ချောများ ရရှိအောင် စက်ရုံများနှင့် နည်းပညာများ ဖန်တီးဆောင်ရွက်သင့်ပါကြောင်း။

သို့မှသာ ဈေးကွက်ချဲ့ထွင်မှုများ ပိုမိုရရှိလာပြီး ပြည်တွင်းမှ ကောက်ပဲသီးနှံများ ပြည်ပတင်ပို့ ရောင်းချရေး အတွက် အခြားနိုင်ငံများမှ ဖိအားပေးခြင်းကိုလည်း အောင်မြင်စွာ ကျော်လွှားနိုင်မည်ဖြစ်ပြီး ကုန်သွယ်မှု ကဏ္ဍ တိုးတက်ရေး အဟန့်အတားကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ က အစီအရင်ခံစာတွင် စီးပွားရေး တိုးတတ်မှု အခြေအနေ ဖော်ပြချက်မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှာ ၀ ဒသမ ၄ရာခိုင်နှုန်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှာ ၈ ဒသမ ၉ရာခိုင်နှုန်းနှင့် ၀န်ဆောင်မှုကဏ္ဍ တိုးတက်မှုနှုန်းမှာ ၈ရာခိုင်နှုန်း ရှိသည်ဟု ဖော်ပြထားပါကြောင်း။

ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပျှမ်းမျှ ၁၀ရာခိုင်နှုန်း ဖြစ်ပြီး ယခင်နှစ် အလားတူ ကာလများနှင့် နှိုင်းယှဉ်လိုက်ပါက နှစ်အလိုက် ငွေကြေးဖောင်းပွ မှုနှုန်းမှာ ၇ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြှင့်တက်လာပါက ကုန်ဈေးနှုန်း မြင့်မားမှုကို ဖြစ်ပေါ်နိုင်သည့် အတွက် ငွေကြေးဖောင်းပွမှုနှုန်းကို လျော့ချနိုင်ရေး ဆောင်ရွက် သင့်ပါကြောင်း။

ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရန်အတွက် ဈေးကွက် ခိုင်မာရန်နှင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် နိုင်ငံ အချင်းချင်း၊ အစိုးရအချင်းချင်း ဆက်သွယ် ဆောင်ရွက်သင့်ပါကြောင်း၊ မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် အိမ်နီးချင်းနိုင်ငံများမှ မြန်မာကုန်သည်များအား ဘဏ်စာရင်းများ ပိတ်ပင်ခြင်း၊ ပဲတင်ပို့မှု ပိတ်ပင်ခံရခြင်းမျိုး မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စု အစိုးရအဖွဲ့မှပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၁/၂၀၁၇)ကို  လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၊ သရက် မဲဆန္ဒနယ်မှ ဦးကံမြင့်၊ ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်နှင့် ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင် တို့က ဆွေးနွေးကြသည်။

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို က ၂၀၁၅-၂၀၁၆ ခုနှစ် အသုံးစာရင်းနှင့် နှိုင်းယှဉ်ကြည့် ပါက ၂၀၁၆-၂၀၁၇ ခုနှစ် ရငွေသည် ယခင်နှစ်ရငွေထက် ၁ ဒသမ ၆ရာခိုင်နှုန်း တိုးလာသော်လည်း သုံးငွေမှာ ၄ ဒသမ ၃ ရာခိုင်နှုန်း တိုးလာပါကြောင်း၊ ထို့ကြောင့် ဘတ်ဂျတ် လိုငွေပြမှုမှာ ယခင်နှစ်၏ ၃၅ရာခိုင်နှုန်းလောက် တိုးလာပါကြောင်း။

သုံးငွေပိုင်းတွင် စာရင်းချုပ်အရ လျာထားချက်ထက် ကျော်လွန် သုံးစွဲခဲ့သည်ကို တွေ့ရပါကြောင်း၊ သာမန် အသုံး စာရင်းများကို လေ့လာကြည့်သည့်အခါ သုံးငွေအပိုင်းတွင် ခွင့်ပြုသည် ထက်ကျော်လွန်သုံးစွဲခြင်း မရှိခဲ့သော်လည်း ရငွေအပိုင်းတွင် ဗဟို အဖွဲ့အစည်း များနှင့် ၀န်ကြီးဌာန အချို့မှာ  လျာထားချက် ပြည့်မီခြင်း မရှိသည်ကို တွေ့ရပါကြောင်း၊ သုံးငွေများကို ဘဏ္ဍာရေးစည်းမျဉ်း၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ သုံးစွဲကြရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင် က မိမိတို့နိုင်ငံ၏ တည်ဆောက်ရေး လုပ်ငန်းများ နှင့် စပ်လျဉ်း၍ ထောက်ပြရန်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဌာနများနှင့် ကန်ထရိုက်တာများ၏ တာဝန်ယူ၊ တာဝန်ခံမှု အပိုင်းမှာ ရောထွေးနေပြီး အားနည်းချက် များရှိပါကြောင်း၊ အရေးယူမှု အပိုင်းမှာ လည်း တိကျပြတ်သာမှုများ လိုအပ်နေပါကြောင်း။

အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းများ၏ အရေးအကြီးဆုံးမှာ တင်ဒါခေါ် ယူခြင်းနှင့် အရည် အသွေး စစ်ဆေးခြင်း  ဖြစ်ပါကြောင်း၊ တင်ဒါခေါ်ယူရေးနှင့် ပတ်သက်ပြီး စည်းမျဉ်း၊ စည်းကမ်းများကို ထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ဆောက်လုပ်ရေးဝန်ကြီး ဌာနက ကျန်းမာရေး အဆောက်အဦ တန်ဖိုးငွေကျပ် ၅၇ ဘီလီယံကျော်နှင့် ပညာရေး အဆောက်အဦ တန်ဖိုးငွေကျပ် ၅၂ ဘီလီယံကျော်ကို ဆောင်ရွက်မည်ဟု သိရသည့်အတွက် ဈေးနှုန်းမှန်ရ၊ မရနှင့် ကတိက၀တ်ကို ဖောက်ဖျက်ရာရောက်၊ မရောက် ပြန်လည် သုံးသပ်သင့်ပါကြောင်း ဆွေးနွေးသည်။

အစီအရင်ခံစာများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်းခြင်းနှင့် လွှတ်တော်က သဘောတူ လက်ခံရန် အဆို တင်သွင်း ခြင်းနှင့် လွှတ်တော်၏ အတည်ပြုရယူခြင်းကို အစည်းအဝေး (၂၁) ရက်မြောက်နေ့တွင် ဆောင်ရွက် လျာထားကြောင်း သိရသည်။

မျိုးမြင့်(သတင်းစဉ်)

No comments:

Post a Comment