Wednesday, August 30, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၅၃)ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် သြဂုတ် ၃၀   

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၅၃) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


ယနေ့အစည်းအဝေးတွင် ဓနုဖြူမဲဆန္ဒနယ်မှ ဦးတင်လှ၏ “ဓနုဖြူမြို့နယ်၊ ရှေးဟောင်း သံစောင်းတန်းနှင့် ပိဋကတ်သုံးပုံ ကျောက်စာတိုက်ကို ပြုပြင် မွမ်းမံပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး သူရဦးအောင်ကို က ဓနုဖြူမြို့ပေါ်တွင်ရှိသော ရှေးဟောင်း သံစောင်းတန်းနှင့် ပိဋကတ်သုံးပုံ ကျောက်စာတိုက် တို့ကို ပြည်လုံးချမ်းသာ စေတီတော် မြတ်ကြီး၏ ဂေါပက အဖွဲ့က အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက် ခဲ့ပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ  ထိန်းသိမ်းထားရှိရမည့် မှတ်တမ်းစာရင်းဇယားတွင် ပါဝင်သည့် အဆောက်အဦများ မဟုတ်သဖြင့် ပြုပြင်မွမ်းမံပေးရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်း ဖြေကြားသည်။

လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ “ဆရာ၊ ဆရာမ လိုအပ်ချက်အတွက် ပညာရေး တက္ကသိုလ် ဆင်းနှင့် ပညာရေး ကောလိပ်ဆင်းများကို ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က အခြေခံပညာ ဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ပညာရေး တက္ကသိုလ်များမှ သင်တန်းဆင်းဆရာ၊  ဆရာမများနှင့် ပညာရေး ကောလိပ်များမှ သင်တန်းဆင်းဆရာ၊ ဆရာမများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ခန့်ထားပေးပြီး ဖြစ်ပါကြောင်း၊ ခန့်ထားပေးရာတွင် ပညာရေး တက္ကသိုလ်များမှ ဆရာ၊ ဆရာမပေါင်း (၄၈၂) ဦး ပညာရေးကောလိပ်များမှ ဆရာ၊ ဆရာမပေါင်း ၉၉၅၃ ဦး၊ စုစုပေါင်း ၁၀၄၃၅ ဦး ခန့်ထား ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ပညာရေး တက္ကသိုလ်များမှ B.Ed သင်တန်းဆင်း (၁၀၆) ဦး၊ ပညာရေး ကောလိပ်များမှ  DTEd သင်တန်းဆင်း ၁၃၇ ဦးနှင့် PPTT သင်တန်းဆင်း ၃၇၈ ဦး၊ စုစုပေါင်း ၆၂၁ ဦး ခန့်ထားပေးပြီး ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြား သည်။

မိုးညှင်း မဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိ၏ “မိုးညှင်းမြို့ ဒီဂရီကောလိပ်၏ ကျောင်းဝင်း မြေနေရာကို အကျယ် အဝန်း ပြန်လည် တိုင်းတာသတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က မိုးညှင်းဒီဂရီကောလိပ် မြေပိုင်အဖြစ် (လန-၃၉)ရရှိပြီး နောက်ပိုင်း ယခင်နှစ်များက မိုးညှင်းမြို့နယ်၊ ထန်းတပင် ရွာသားများမှ စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ ကြကြောင်း၊ ကောလိပ်မြေကို ခြံစည်းရိုး ကာရံလိုက်သည့်အခါတွင် ရွာသူ၊ ရွာသားများသွား လာမှု အဆင်ပြေစေရန်အတွက် ကောလိပ်ပိုင်မြေ အတွင်း လမ်းဖောက် လုပ်ပေးခဲ့ရာတွင် လမ်း၏ မြောက်ဘက်ပိုင်းတွင် ရှိသည့် မြေများကို ရွာသူ၊ ရွာသားအချို့မှ အတင်းအဓမ္မ၀င်ရောက် ကျူးကျော် လုပ်ကိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ မိုးညှင်းမြို့နယ် ထန်းတပင်ကျေး ရွာနေ ဒေါ်ခင်အုန်းတင့် အပါ (၁၃) ဦးမှ ပြည်နယ် လယ်မြေများနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီထံသို့ တင်ပြမှုအရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေး၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဝင်များ ရွာသစ်ကုန်း ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် တိုင်ကြားသူများ ကိုယ်တိုင်လိုက်ပါပြီး မိုးညှင်း ဒီဂရီကောလိပ် ကျောင်းဝင်းမြေကို စနစ်တကျ စိစစ်လိုက်သည့် အခါတွင် ဧက ၂၁၀ ထက် ကျော်လွန်မှု မရှိသည်ကို သိရှိရပါကြောင်း။

မိုးညှင်းဒီဂရီ ကောလိပ် မြေနေရာကို  ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မြို့နယ် လယ်ယာမြေနှင့်  အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ၀င်များ ရွာသစ်ကုန်း ကျေးရွာအုပ်စု လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့၊ ဒေသခံတောင်သူများ ပါဝင်သည့် အဖွဲ့နှင့် စနစ်တကျ ကွင်းဆင်းစစ်ဆေး တိုင်းတာပြီး ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့ပြင် အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး ၏ “ကမာရွတ်မြို့နယ်၊ အင်းယားလမ်းရှိ တက္ကသိုလ် လှေလှော်အသင်းပိုင် အဆောက်အဦကို ငှားရမ်းထားခြင်းမှ ရုပ်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ ရွှေကူ မဲဆန္ဒနယ်မှ ဦးဇာနည်မင်း၏ ဗန်းမော်မြို့နယ်၊ နည်းပညာ တက္ကသိုလ်ရှိ အစိုးရပိုင်ကျောင်း အဆောင်များ ရေမီးအစုံရရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ ပညာလေ့လာနိုင်ရန် အတွက် Wi-Fi တပ်ဆင် ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ နမ့်စန်မဲဆန္ဒနယ်မှ ဦးဌေးလွင်(ခ) ဦးဒီလုံး၏ ရှမ်းပြည်နယ် အတွင်း လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ရာတွင် (၃၃) ကေဗွီလိုင်း (၂)မိုင်နှင့် (၅)မိုင်အတွင်းတွင် တည်ရှိသော လွယ်ကျန့်ကျေးရွာ၊ တွန်တီးကျေးရွာ၊ ပုတ်ပြန် ကျေးရွာ၊ လွိုင်ဖွီးကျေးရွာ၊ နမ့်ကျုတ်ကျေးရွာ၊ ဝမ်လုံကျေးရွာနှင့်ဟိုက်ဖတ် ကျေးရွာများအား NEP နှင့် KFW စီမံကိန်း တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်၊ မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု ၏ မင်းတုန်းမြို့နယ်၊ မြို့နယ် လျှပ်စစ်မှူး ရုံးတွင် အမှန်တကယ် လိုအပ်နေသော လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ဖောင်းပြင် မဲဆန္ဒနယ်မှ ဦးထွန်းဝေ၏ ဖောင်းပြင်မြို့နယ်အား (၂၄) နာရီ လျှပ်စစ်ဓာတ်အားရရှိ ရေးအတွက် ပင်လည်ဘူးမြို့နယ်မှ ဓာတ်အား လိုင်းသွယ်တန်း၍ ဓာတ်အားပို့လွှတ်ပေး ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်၊ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တို့က ရှင်းလင်း ဖြေကြားကြသည်။

မွှေးကြူဇင်၊ အေးအေးသန့်  (သတင်းစဉ်)

No comments:

Post a Comment