Wednesday, August 30, 2017

မောင်တောမြို့နယ် အတွင်းရှိ မင်းကြီးနှင့် တမန်းသားကျေးရွာများမှ ဒေသခံ တိုင်းရင်းသားများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်


စစ်တွေ   သြဂုတ်   ၃၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည် နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀)နာရီခွဲတွင် မောင်တောမြို့နယ် အတွင်းရှိ မင်းကြီးရွာနှင့် တမန်းသား ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားများထံ သွားရောက် တွေ့ဆုံ အားပေးစကား ပြောကြားပြီး လိုအပ်သောစားနပ် ရိက္ခာ များကို ကူညီထောက်ပံ့ ပေးအပ်ခဲ့သည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်းကြီးရွာသို့ ရောက်ရှိပြီး ဒေသခံ တိုင်းရင်းသားများနှင့် တွေ့ဆုံကာ ဒေသခံပြည်သူများ၏ လုံခြုံရေးကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိပြီး စားဝတ် နေရေး အတွက် ရိက္ခာများကို ထောက်ပံ့ပေး လျက်ရှိကြောင်း၊ ယခုလာရောက်ရသည့် ရည်ရွယ် ချက်မှာ ပြည်သူများဘေးကင်း လုံခြုံရန်နှင့် ပို၍ ဘေးကင်းလုံခြုံသော နည်းလမ်း များကို ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ပေးရန်ဖြစ်ပါ ကြောင်း၊ လတ်တလော စားဝတ်နေရေးအတွက် နှစ်လစာရိက္ခာ များကို ကြိုတင်စီစဉ် ထားရှိပါကြောင်း၊ ကျန်းမာရေးအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေး သွားမည်ဖြစ် ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သမန်းသားကျေးရွာသို့ သွားရောက်ပြီး ဒေသခံ ပြည်သူများအား တွေ့ဆုံ အားပေးစကား ပြောကြားကာ ဒေသခံ ပြည်သူများ အနေဖြင့် လုံခြုံရေး၊ ကျန်းမာရေး ကိစ္စများနှင့် ပတ်သက်၍ အရေးပေါ် ပေါ်ပေါက်လာပါက ဆက်သွယ်ရန် ဖုန်းနံပါတ် များကို စီစဉ်ပေးခြင်းနှင့် ကျန်းမာရေးနှင့် စားဝတ်နေရေး အတွက် တင်ပြလာသည့် အခက်အခဲများကို စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ယနေ့ နံနက်ပိုင်းတွင် သွားရောက်ခဲ့သည့် မောင်တောမြို့နယ် အတွင်းရှိ မင်းကြီး ကျေးရွာနှင့် တမန်းသားကျေးရွာရှိ ဒေသခံ တိုင်းရင်းသားများအတွက် ခေါက်ဆွဲခြောက်၊ ငါးနီတူခြောက်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆက်လက်၍လည်း ထောက်ပံ့သွား မည်ဖြစ်ကြောင်း သိရသည်။

ညနေပိုင်းတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်တို့ ဦးဆောင်သောအဖွဲ့သည် တရိန်း ကျေးရွာ၊ ရန်အောင်ပြင်ကျေးရွာ၊ ကျောက်ပန္ဒူ ကျေးရွာများ သို့ သွားရောက်ကာ ပြည်သူများအား တွေ့ဆုံအားပေးပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်သည်။

ထို့ပြင် ကျောက်ပန္ဒူ ကျေးရွာမှ မီးဖွားပြီးခါစ သွေးအားနည်းလျက် ရှိသော မိခင်နှင့်ရင်သွေးငယ်၊ နေမကောင်းဖြစ်နေသော ခြောက်လသားကလေးငယ်နှင့် မိခင်တို့ အား ရဟတ်ယာဉ်ဖြင့် စစ်တွေသို့ ခေါ်ဆောင်လာခဲ့ပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန် စစ်တွေဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ မိခင်နှင့် ကလေးငယ်တို့အား လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချ ထားရေး ၀န်ကြီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ၄င်းတို့ အတွက် လိုအပ်သော လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment