Thursday, August 10, 2017

အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၄၁ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် သြဂုတ် ၁၀
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၄၁ ရက်မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၏ စလင်းမြို့မှ လက်ရှိအားကစားကွင်း ကို အဆင့်မြှင့်တင် ပြုပြင်ပေးပြီး မိုးလုံလေလုံ အားကစားကွင်းအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စလင်းမြို့မှ လက်ရှိအားကစားကွင်းအား အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများ၊ မိုးလုံလေလုံ အားကစားရုံနှင့် အထူးတန်းပွဲကြည့်စင် တည်ဆောက်ခြင်း လုပ်ငန်းများအား ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် မှစတင်၍ ဦးစားပေး လုပ်ငန်းအလိုက် နှစ်စဉ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထား တင်ပြ တောင်းခံပေးသွားမည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာရန်ပုံငွေ ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ အစိုးရ၀န်ထမ်း မဟုတ်သော ပြင်ပသွားဘက်ဆိုင်ရာ ဆရာဝန်များအား သက်ဆိုင်ရာ ဘာသာရပ်တစ်ခုချင်းစီအလိုက် အထူးပြုမဟာဘွဲ့လွန်ပညာများ ဆက်လက် သင်ကြားခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြင်ပသွားဘက်ဆိုင်ရာ ဆရာဝန်များကို အထူးပြုမဟာဘွဲ့လွန် သင်တန်း များ တက်ရောက်ခွင့်ပြုပါက လက်ရှိတက်ရောက်နေသည့် သင်တန်းသားဦးရေထက် များပြားလာပြီး မဟာသိပ္ပံ သင်တန်းများ သင်ကြားပို့ချပေးနိုင်သည့် သင်ကြားရေး ဆရာ၊ ဆရာမများနှင့် သင်ကြားရေးအထောက် အကူပြု ပစ္စည်းများ ပိုမိုလိုအပ်လာမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ ပြင်ပဆရာဝန်များအတွက် မဟာသိပ္ပံသင်တန်းများ သင်ကြားပို့ချ ပေးနိုင်မည့် အခြေအနေအရပ်ရပ်ပြည့်စုံ၍ အဆင်သင့်ဖြစ်နိုင်မည့် ၂၀၁၉ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်နိုင်မည် ဖြစ်ပြီး အထွေထွေသွားရောဂါ ဒီပလိုမာရရှိပြီးသူ ပြင်ပသွားဆရာဝန်များ အပါအ၀င် ၀င်ခွင့်ရရှိသူ (၀န်ထမ်း + ပြင်ပ) စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့် ကိုခေါ်ယူတက်ရောက် ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃)မှ ဦးခင်ဇော်ဦးနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက် တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း၏ ယနေ့မြန်မာနိုင်ငံ ရှိ မြို့ကြီးအတော်များများ၌ စီးပွားဖြစ်ဂိမ်း (Game) ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နေသူများ မြို့တော် စည်ပင်သာယာရေးကော်မတီမှ လိုင်စင်ခံယူထားပြီး ကလေးအားကစားကွင်း (Amusement Center) ဟု သဏ္ဍာန်ဆောင် အမည်ပြု၍ ပြည်ပမှ တင်သွင်းလာသော စက်ကိရိယာများဖြင့် ခေတ်ပေါ်လောင်းကစားနည်းမျိုးစုံ ပါဝင်သော အကြွေစေ့သုံး လောင်းကစားအဆင့် ဂိမ်း (Game) ဆိုင်များ ဖွင့်လှစ်လာကြသည့်အတွက် လောင်းကစားလိုသူ ကျောင်းသား၊ လူငယ်လူရွယ်၊ လူလတ် မျိုးစုံတို့မှာ တဖြည်းဖြည်းချင်း အကျင့်စာရိတ္တပါ ထိခိုက်ပျက်ပြားလာနေသောကြောင့် မြို့များနေ မိဘပြည်သူတို့မှာ ရတက်မအေး စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြရသဖြင့် ယင်းသို့ အကြွေစေ့သုံး လောင်းကစားဆိုင်များကို စိစစ်ဖော်ထုတ် ပိတ်သိမ်းအရေးယူခြင်းကို တစ်ပြေးညီ လုပ်ဆောင်ပေး ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)နှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာ ၀င်းမြင့်ချစ်တို့က ထောက်ခံဆွေးနွေးကြသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာဝင်းမြင့်ချစ်က လောင်းကစားနည်းများ အနက် အကြွေစေ့သုံး လောင်းကစားမှုများသည် ယနေ့ကျောင်းသားလူငယ်များ အပါအ၀င် လူကြီး၊ လူလတ်၊ လူငယ်၊ ကျားမ မရွေး တောရောမြို့ပါ နေရာအနှံ့အထိန်းမဲ့ ပြုလုပ်နေပါက တစ်ဦးချင်းစီ၏ စီးပွားပျက်ရာမှ တစ်မိသားစုလုံး၏ အကျိုးစီးပွား ဆုံးရှုံးခြင်း ထိုမှတဆင့် မတရားမှုကို ထုံလာသည့် အကျင့်စာရိတ္တပျက်ယွင်းမှုသည် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုကို ယုတ်လျှော့ခြင်း၊ ထိုထက်ပိုဆိုးသည်မှာ လောင်းကစားခြင်းနှင့် တဆက်တစပ်တည်း ပူးပေါင်းပါဝင်လာသည့် လူဆိုး လူမိုက်အဖွဲ့များ၊ အကျင့်ပျက်တာဝန်ရှိသူများကြောင့် ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး လျော့နည်းလာခြင်းများ သည် နိုင်ငံသားတိုင်း မျှော်မှန်းထားသော ဒီမိုကရေစီနိုင်ငံတော် သို့သွားသည့် အကူးအပြောင်းကာလတွင် အဟန့် အတားဖြစ်နိုင်ပြီး အေးချမ်းမှုကို ပျက်ပြားနိုင် သည်အထိ ဖြစ်လာမည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အတွက် အဆိုရှင်၏ အဆိုတိုင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း စသည်ဖြင့် ထောက်ခံအကြံပြု ဆွေးနွေးသည်။
ယင်းအဆို နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ၄၂ ရက်မြောက်နေ့ အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၄၂ ရက်မြောက်နေ့ကို သြဂုတ် ၁၁ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

သူရဇော်

No comments:

Post a Comment