Thursday, August 10, 2017

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၂) ရက်မြောက်နေ့ကျင်းပ

နေပြည်တော် သြဂုတ် ၁၀
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(၄၂)ရက်မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပရာ မေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း၊ အဆို(၁)ခုတင်သွင်းခြင်းနှင့် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ဓနုဖြူမဲဆန္ဒနယ်မှ ဦးတင်လှ၏ ပညာရေးတက္ကသိုလ်၊ ဖွံ့ဖြိုးရေးတက္ကသိုလ်များ အပါအဝင် ယခုပညာရေးကောလိပ်များ ပါဝင်ယှဉ်ပြိုင်ကြသော ဘက်စုံပညာ ပြိုင်ပွဲကို ပြန်လည်ကျင်းပပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ယခုအစိုးရလက်ထက်တွင် ပညာရေး ကောလိပ်များကို လေးနှစ်သင် ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လေးနှစ် သင် ဒီဂရီကောလိပ်များအဖြစ် ဆောင်ရွက်ရာတွင် ဘက်စုံပညာပြိုင်ပွဲများကိုလည်း ပြန်လည် ကျင်းပရန်လျာထား ပါကြောင်း၊ လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ်၏ တစ်နှစ်တာဆောင်ရွက်ရမည့် ပညာရေးပြက္ခဒိန်တွင် ဘက်စုံပညာပြိုင်ပွဲအစီအစဉ်ကို ထည့်သွင်းနိုင်ရန်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လေးနှစ်သင်ဒီဂရီကောလိပ်များ အဖြစ် အဆင့်တိုးမြှင့်ခြင်းပြီးစီး၍ ပညာရေးပြက္ခဒိန်ရေးဆွဲပြီးချိန်တွင် ဘက်စုံပညာပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ ပြည်တွင်းအိမ်အကူ အမျိုးသမီးလုပ်သားများနှင့် ပြည်ပရောက် အိမ်အကူအမျိုးသမီး လုပ်သားများ၏ အခွင့်အရေးများကို ကာကွယ်ပေးရေးနှင့် ကုစားပေးရေးအစီအစဉ်များ ရေဆွဲထားခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြည်တွင်းရှိ အိမ်အကူလုပ်သားများတွင် အရွယ်မရောက်သေးသူများ ပါဝင်နေပါ ကြောင်း။
အိမ်အတွင်းတွင်ရှိနေသည့် လုပ်သားများဖြစ်သည့်အတွက် အိမ်အကူလုပ်သားစာရင်း တိတိကျကျ ရရှိရန်အတွက် အကန့်အသတ်များစွာရှိပါကြောင်း၊ အိမ်အကူလုပ်သားများသည် အလုပ်ရှင်၏အိမ်တွင် မိသားစုဝင်ကဲ့သို့ နေသည့် အတွက် ဥပဒေအရ သတ်မှတ်ထားသည့် အလုပ်ချိန်နှင့်အညီ လိုက်နာလုပ်ကိုင်နိုင်ရန် ခက်ခဲပါကြောင်း၊ ဥပဒေ လိုက်နာမှု ရှိ၊ မရှိ ပုံမှန် လိုက်လံစစ်ဆေးရန်အတွက်လည်း ခက်ခဲပါကြောင်း၊ အိမ်အကူများနှင့်ပတ်သက်၍ သီးခြား ဥပဒေမရှိသေးပါကြောင်း၊ ခေါင်းပုံဖြတ်မှု၊ အကြမ်းဖက်မှု၊ ညှင်းပန်းမှု၊ အရွယ်မရောက် သေးသူများကိစ္စနှင့် ပတ်သက်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေအရလည်းကောင်း၊ ကလေးသူငယ် ဥပဒေအရလည်းကောင်း ဥပဒေနှင့်အညီ အရေးယူလျက်ရှိပါကြောင်း။
ပြည်ပနိုင်ငံများသို့ တရားဝင်ရောက်ရှိသွားသူများဖြစ်စေ၊ တရားမ၀င်ရောက်ရှိသွားသူများဖြစ်စေ သက်ဆိုင်ရာ နိုင်ငံများ၏ ဥပဒေနှင့်အညီ ခံစားခွင့်များရရှိရေးအတွက် ကူညီစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ပြည်ပနိုင်ငံများတွင် လူကုန်ကူးခံရမှုကိစ္စရပ်များကိုလည်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာ အလုပ်သမားများ၏ အရေအတွက်စာရင်းကို တိတိကျကျကောက်ယူရေး ဆွေးနွေးလျက်ရှိပါကြောင်း၊ စာရင်း ကောက်ယူရရှိမည်ဆိုပါက အိမ်အကူအလုပ်သမားများကို တရားဝင်အလုပ် သမားများအဖြစ် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
ပညာဆက်လက် မသင်ကြားနိုင်သည့် အမျိုးသမီးငယ်များ အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်ပြီး အလုပ်အကိုင်ရရှိရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ UNWomen အဖွဲ့နှင့် ILO အဖွဲ့တို့ ပူးပေါင်း၍ ပြုစုထားသည့် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအိမ်အကူများအား အကာအကွယ် ပေးရန် ပြဋ္ဌာန်းထားသည့် မူဝါဒများကို လေ့လာဆန်းစစ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ၀န်ကြီး ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၊ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းနှင့် မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်တို့၏ မြောက်ဦးမြို့နယ်အတွင်း ပညာရေးကောလိပ် အသစ်တစ်ခုဖွင့်လှစ်ပေးရေး၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ရှိတက္ကသိုလ် အားကစားရုံအားပြုပြင်ပေးရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ ၆၆/၆) များကို ဥပဒေနှင့်အညီရရှိရန် ဆောင်ရွက် ပေးရေး၊ မင်းတပ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံး တည်ဆောက်ပေးရေးဆိုင်ရာ မေးခွန်းများ ကိုလည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းတို့က ဖြေကြားခဲ့ကြသည်။
ထို့နောက် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာဦးမောင်သင်းက တိုင်းရင်းသားလူမျိုး တစ်မျိုးချင်းစီ၏ စံပြုကိုးကားနိုင်သည့် ဒီအင်အေမျိုးရိုးဗီဇ ဖွဲ့စည်းမှုမှတ်တမ်း ဆောင်ရွက်ထားရှိရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆိုကို တင်သွင်းသည်။
ဒေါက်တာဦးမောင်သင်းက အဆိုတင်သွင်းရာတွင် တိုင်းရင်းသားလူမျိုးများ စံပြုကိုးကားနိုင်သည့် ဒီအင်အေမျိုးရိုးဗီဇ ဖွဲ့စည်းမှု မှတ်တမ်းထားရှိခြင်းဖြင့် တိုင်းရင်းသားအချင်းချင်း မျိုးရိုးဆင်းသက်မှုကို စိစစ်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံသား စိစစ်မှုလုပ်ငန်းများတွင်လည်း ကိုးကားနိုင်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင်လည်း ဒီအင်အေမှတ်တမ်း များထားရှိပြီးဖြစ်သည့် အတွက်ကြောင့် ၎င်းတို့နိုင်ငံသားနှင့် မိမိတို့နိုင်ငံသား သွေးနောမှု ရှိ၊ မရှိ ကို စိစစ်နိုင်မည်ဖြစ် ပါကြောင်း၊ တရုတ်နိုင်ငံတွင် တိုင်းရင်းသား ၂၁ မျိုး၊ အိန္ဒိယနိုင်ငံတွင်လည်း တိုင်းရင်းသား လူမျိုး ၁၅ မျိုး၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၉ မျိုးကို ဆောင်ရွက်ထား ပြီးဖြစ်ပါကြောင်း၊ ထို့အတူ အာရှနိုင်ငံများတွင်လည်း ဆောင်ရွက်ထားပါကြောင်း ဆွေးနွေး သည်။
ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးမည့်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းတင်သွင်းကြရန် လွှတ်တော် ဥက္ကဋ္ဌက အသိပေးကြေညာထားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ကော်မတီ၏အစီရင်ခံစာကို တင်သွင်းသည်။
အစီရင်ခံစာတင်သွင်းရာတွင် ဦးထွန်းထွန်းဟိန်က အမျိုးသားလွှတ်တော်သည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ပုဒ်မခွဲ (ဃ) ဖြင့် အရေးယူခံရလျှင် အာမခံရရှိရန်၊ ပုဒ်မ ၈၀ ပုဒ်မခွဲ (ဂ)ကို “ပုဒ်မ ၆၆ ပုဒ်မခွဲ (က)(ခ)နှင့် (ဃ)တို့ပါ ပြစ်မှုများ ကို အာမခံပေးနိုင်သည့် ပြစ်မှုများအဖြစ် သတ်မှတ်သည်”ဟုလည်းကောင်း၊ “ပုဒ်မခွဲ(ဃ)ကို အသရေဖျက်ခံရသူ သို့မဟုတ် ၎င်းက ကိုယ်စားလှယ်လွှဲခံရသူက တိုင်တန်းချက်မဟုတ်လျှင် အရေးယူ ဆောင်ရွက်ခြင်း မပြုနိုင်စေရန်”ဟု လည်းကောင်း ဖြည့်စွက်ပြင်ဆင်ထားသည်ကို လေ့လာတွေ့ရှိရပါကြောင်း။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ၏ ပြစ်ဒဏ်ကို သုံးနှစ်ထိထောင်ဒဏ်ဟု သတ်မှတ်မည့်အစား သုံးနှစ်အောက် ထောင်ဒဏ်ဟု ပြင်ဆင်လိုက်ပါက ပုဒ်မ ၆၆ ပါပြစ်မှုများသည် အာမခံပေးရမည့် ပြစ်မှုအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ပါကြောင်း ထည့်သွင်းတင်ပြသည်။
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြင်ဆင်လိုသည့်ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာကို တိတိကျကျဖော်ပြ၍ အမည်စာရင်းတင်သွင်းကြရန် လွှတ်တော်ဥက္ကဋ္ဌက အသိပေးကြေညာထားသည်။

ကျော်သူထက် (သတင်းစဉ်)

No comments:

Post a Comment