Tuesday, August 22, 2017

အေအီးစီအတွေ့အကြုံများအား နှီးနှောဖလှယ်ခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

နေပြည်တော် သြဂုတ် ၂၂
အေအီးစီအတွေ့အကြုံများအား နှီးနှောဖလှယ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီကနေပြည် တော်ရှိ Kempinski Hotel ၌ကျင်းပသည်။

ရှေးဦးစွာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အာဆီယံသည် ရှည်လျားသော သမိုင်းကြောင်းတစ်လျှောက် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာတွင် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသည့် အဖွဲ့ကြီးအဖြစ် အသိအမှတ်ပြုခံရသည့် Key Drivers များစွာရှိရာအဓိကတစ်ချက်သည် တစ်ခု တည်းသောအမြင်၊ တစ်ခုတည်းသောအသိုက်အဝန်း (One Vision One Community) အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ အာဆီယံ ခေါင်းဆောင်များမှ လက်မှတ်ရေးထိုးခဲ့သည့် စီဘူးကြေညာချက်မှ အာဆီယံအသိုက်အဝန်းကြီး စတင်ဖြစ်ပေါ်လာ ပါကြောင်း။
၁၉၉၂ ခုနှစ်တွင် အာဆီယံလွတ်လပ်သောကုန်သွယ်မှု ဒေသသဘော တူညီချက် စတင်ခြင်း မှအစပြုခဲ့ရာ ယနေ့တွင်အာဆီယံသည် ကမ္ဘာ့အဓိက စီးပွားရေးနိုင်ငံများနှင့် လည်းကောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်လည်းကောင်း၊ လွတ်လပ် သောကုန်သွယ်မှု သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီးလွတ်လပ်သော ကုန်သွယ်မှု ဒေသကိုထူထောင်၍ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အေအီးစီအကောင် အထည်ဖော်မှုကြောင့် လူမှုစီးပွားကွာဟမှုလျော့နည်းရန် ဆောင်ရွက်လျက်ရှိသည့် အာဆီယံကနဦး ပေါင်းစည်းမှုလုပ်ငန်းစဉ်နှင့်  စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် များမှတစ်ဆင့် နည်းပညာဆိုင်ရာအကူအညီများလက်ခံရရှိခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်လာပါ ကြောင်း၊ အာဆီယံနိုင်ငံများ၏ စီးပွားရေးဖော်ဆောင်ရာ၌ မတူညီသောစီးပွားရေး၊ မတူညီသောအယူအဆ၊ မတူညီသောအခြေခံအဆောက်အအုံများဖြင့် ဖွဲ့စည်းထားသောအာဆီယံတွင် အားလုံးတန်းတူညီမျှ ဖြစ်စေရေး၊ သာတူညီမျှ ဖြစ်စေရေးကြိုးစားနေကြသော် လည်းမတူညီသည့် အဆိုပါ အခြေခံအချက်များကြောင့် အချို့နိုင်ငံများ သည် ရှေ့သို့ရောက်ရှိနေပြီး အချို့မှာနောက်ကျ ကျန်နေဆဲ ဖြစ်ပါကြောင်း၊  အာဆီယံ စီးပွားရေးအသိုက်အဝန်း ထူထောင်မှုသည် Event တစ်ခု မဟုတ်ဘဲ Process တစ်ခုဖြစ်ပါကြောင်း။
၂၀၁၅ ခုနှစ်၌ အာဆီယံအသိုက်အဝန်း ထူထောင်ပြီးနောက် ၂၀၂၅ ခုနှစ်အထိဆက်လက်လျှောက်လှမ်းသွားရန် ရည်မှန်း၍ ၂၀၁၅ ခုနှစ်၌ ကျင်းပသည့် (၂၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ခေါင်းဆောင်ကြီးများမှ အေအီးစီ ၂၀၂၅ အတွက် လမ်းပြမြေပုံ (AEC Blueprint 2025) ကိုအတည်ပြုချမှတ် ခဲ့ကြပါကြောင်း၊ အေအီးစီ ၂၀၂၅ သည် အာဆီယံ၏ ဒုတိယမြောက်ခရီး ပန်းတိုင်ဖြစ်ပါကြောင်း၊ အေအီးစီ ၂၀၂၅ တွင်ဆောင်ရွက်ရမည့် လုပ်ငန်းများ သည် အေအီးစီ ၂၀၁၅ အကောင်အထည်ဖော်ရာ၌ မပြီးပြတ်သေးသည့် ကိစ္စရပ်များ အားဆက်လက်ဆောင်ရွက်ခြင်း၊ ဆောင်ရွက်ဆဲကဏ္ဍများအပေါ် Upgrade ပြုလုပ်ခြင်း များပါဝင်ပါကြောင်း၊ အသစ်ထည့်သွင်းသောကိစ္စရပ်များပါဝင်ပြီး ကဏ္ဍ များကတော့ MSMEs ကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ ကောင်းမွန်သော စီမံမှု လုပ်ထုံးလုပ်နည်း အလေ့အထများ (Good Regulatory Practice) အား အားပေးမြှင့်တင်ရန်၊ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိ သော ရေရှည်ဖွံ့ဖြိုးတိုး တက်မှု (Sustainable Economic Development) ကိုအားပေးရန်နှင့်  ဒစ်ဂျစ်တယ် စနစ်စီးပွားရေးလုပ်ငန်းများ (Digital Economy) စသည်တို့ ဖြစ်ပါကြောင်း။
အေအီးစီအောင်မြင်ရန် မြန်မာနိုင်ငံသည် အာဆီယံ၏ cell  တစ်ခုဖြစ်သည့်အတွက် Highly Integrated and Cohesive Economy ကိုဖော်ဆောင်ရမှာဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်  အာဆီယံအတွက်စဉ်းစား ဆောင်ရွက်ခြင်း သည် မြန်မာနိုင်ငံအတွက် စဉ်းစားဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်  အေအီးစီဖော်ဆောင်ရာ၌ စိန်ခေါ်မှုများ၊ အခက်အခဲများ အများအပြားရှိနေသေးသည် ကိုလက်ခံပါကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေးပွဲ၌ စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်မှုအတွက် အတွေးအမြင်သစ်များ၊ အခြေခံကောင်းများ ရရှိပါစေကြောင်း ပြောကြားသည်။
ထို့နောက် Parami Energy Group of Companies မှ Chief Executives Officer ဖြစ်သူ ဦးပြည့်ဝထွန်းက အဖွင့်အမှာစကားပြောပြီး ဒေါက်တာ ခင်အုန်းသန်းက History of Myanmar accession to ASEAN နှင့် ပတ်သက်၍လည်းကောင်း၊ Parami Round Table မှ ဦးတင်ချိုက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးပြောကြားကြသည်။
ဆက်လက်၍ Parami Round Table မှ ဒေါ်တင်တင်ထွေး၊ ဦးအောင်မြင့်နှင့် ဦးဇော်သန်းတို့က အေအီးစီဆိုင်ရာ အခြေခံအကြောင်းများ၊ Transport and Connectivity နှင့် MSME တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြသည်။
ယင်းနောက် Parami Round Table မှ ဒေါက်တာ ဂျော့စိုးဝင်းက E-Banking and online payments နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာ သူများက သိရှိလိုသည်များကို မေးမြန်းကြသည်။
ထို့နောက် ဒေါက်တာမျိုးသန့်က ASEAN Challenges and Opportunities for Myanmar နှင့် ပတ်သက်၍ လည်းကောင်း ဦးတင်မျိုးက Logistics and guidelines for breakout sessions နှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးပြောကြားကြသည်။

(သတင်းစဉ်)

No comments:

Post a Comment