Thursday, August 31, 2017

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၅၃ ရက် မြောက်နေ့ အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော် သြဂုတ် ၃၁
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၅၃ ရက်မြောက် နေ့အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး၏  ကျေးလက်ဒေသများ၏ လူနေမှုဘ၀နှင့် အခြေခံအဆောက်အအုံ မြှင့်တင်ရေးတွင် ကျေးလက်နေလူတန်းစားအားလုံး ပါဝင်လာနိုင်ရေးအတွက် ကိုယ်ထူ ကိုယ်ထ လျှပ်စစ်မီးလင်းရေးကော်မတီများ၏ မူများကို သက်ဆိုင်ရာဌာနများမှ ပြင်ဆင် ရေးဆွဲ၊ အတည်ပြု၊ ပြဋ္ဌာန်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ၀န်ကြီးဌာနအနေဖြင့် နှစ်စဉ်ခွဲဝေရရှိသည့် ရန်ပုံငွေကို အသုံးပြု၍လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက ၄င်းတို့၏ နှစ်စဉ်ဘတ်ဂျက် ခွဲဝေရရှိမှုများအရ လည်းကောင်း၊ နိုင်ငံတကာမှနှစ်စဉ် ချေးငွေများမှ ရယူ၍လည်းကောင်း၊ ကျေးရွာများကို လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးဝေနိုင်ရန် စီစဉ်ဆောင်ရွက် နေပါကြောင်း၊ ထိုအစီအစဉ်များထက် ဓာတ်အားများ ဆောလျင်စွာရရှိနိုင်ရန် ကျေးရွာများမှ ရွာသူရွာသားများက ငွေကြေးစုဆောင်းကြပြီး ကျေးရွာ၏အစီအစဉ်ဖြင့် ကိုယ့်အားကိုယ်ကိုးမီးလင်းရေး ကို ဆောင်ရွက်လျက်ရှိကြပါကြောင်း။
လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနအနေဖြင့် ကျေးရွာမီးလင်းရေးကော်မတီက မီး လင်းရေးများကို ဆောင်ရွက်ကြရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက် ၁၂ ချက်ကို သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ အချက် ၁၂ ချက်၏ ရည်ရွယ်ချက်သည် ကျေးရွာမီးလင်းရေးကော်မတီက တည်ဆောက်ရမည့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရေးစသည့် နည်းပညာဆိုင်ရာအချက်များကို ကျေးရွာအကျိုးအတွက် သတ်မှတ်ပေးခဲ့ပါကြောင်း။
မီးလင်းရေးကော်မတီအား အသင်းအဖွဲ့များ ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျေးရွာလူထုမှ ပွင့်လင်းမြင် သာစွာ မဲစနစ်ဖြင့် ရွေးချယ်ခဲ့ပါကြောင်း၊ မီးလင်းရေးကော်မတီက သက်တမ်းသတ် မှတ်နိုင်ရေးနှင့် သက်တမ်းပြည့်ပါက ထပ်မံရွေးချယ်ပါကြောင်း၊  မီးလင်းရေးကော်မတီမှ နှစ်စဉ် ငွေစာရင်းရှင်းလင်းသွားရန်၊ ငွေကြေးမရှင်းလင်းနိုင်မှုနှင့် အလွဲသုံးစားမှုများ ထင်ရှားနေပါက ကော်မတီအား မီးယူထားသည့် အိမ်ထောင်စုများမှ မဲပေး၍ ပြန်လည် ရွေးချယ်ဖွဲ့စည်းပါကြောင်း၊ ယင်းအချက်များကြောင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊  ပြည်ထောင်စုစာရင်းချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများပူးပေါင်းပါဝင်ညှိနှိုင်းပြီး ကျေးရွာ မီးလင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ညှိနှိုင်းဆွေးနွေးရန် စီစဉ်လျက်ရှိ ပါကြောင်း ဖြေကြားသည်။
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်ရှားမူ၏ ကယားပြည်နယ် ဖရူဆိုမြို့ တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်း နှင့် စပ်လျဉ်း၍  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက မြို့နယ်အဆင့် ဘဏ်ခွဲတစ်ခုဖွင့်လှစ်ပါက ဘဏ်ခွဲအဆောက်အအုံအတွက် မြေနေရာ၊ ငွေတိုက်ငွေသို လှောင်ခန်း၊ ငွေပို့ငွေသယ်မော်တော်ယာဉ်စသည့်တို့အပြင် ၀န်ထမ်းဦးရေ ၁၅ ဦးမှ ၂၀ ဦးအထိ ခန့်ထားရန် လိုအပ်ပါကြောင်း၊ ဖရူဆိုမြို့သည် လွိုင်ကော်မြို့နှင့် ၂၂ မိုင် ကွာဝေးပြီး လူဦးရေ ၃ သောင်းခန့်သာ ရှိသည့်အတွက် ဘဏ်လုပ်ငန်းများကို လွိုင်ကော်ခရိုင် ဘဏ်ခွဲကသာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ဖရူဆိုမြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ဖွင့်လှစ်ရန်အတွက် မြေနေရာရရှိထားပြီး၊ ငွေတိုက် အဆောက်အအုံ ဆောက်လုပ်ရန် မြေနေရာရရှိရေးအတွက် ဆက်လက်ဆောင် ရွက်လျက်ရှိပါကြောင်း။
ဖရူဆိုမြို့သည် လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေးကောင်းမွန်လာပြီဖြစ်ခြင်း၊ လျှပ်စစ်မီး ၂၄ နာရီ ရရှိခြင်း၊ တယ်လီဖုန်းလိုင်းများ ကောင်းမွန်ခြင်းတို့ကြောင့် မြို့နယ် ဘဏ်ခွဲအဖြစ် လောလောဆယ်ဖွင့်လှစ်မပေးနိုင် သေးသော်လည်း မြန်မာ့စီးပွားရေး ဘဏ်နှင့် အကျိုးတူပူးပေါင်း၍ မိုဘိုင်းဘဏ်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ Myanmar Mobile Money လုပ်ငန်းနှင့် ညှိနှိုင်း၍ Mobile ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေရှိ၊ မရှိ သုံးသပ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ငွေတိုက်အဆောက်အအုံအတွက် မြေနေရာရရှိလာပါက နှစ်စဉ် ဘတ်ဂျက်တင်ပြတောင်း ခံချိန်တွင် ထည့်သွင်းတောင်းခံပြီး ပထမဦးစွာ ဘဏ်ငွေတိုက်ခွဲအဆင့်ပေးခြင်းနှင့် ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ်နှင့်ဆက်သွယ်သူများပြား လာမှုအပေါ်မူတည်ပြီး မြို့နယ်ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ခြင်းတို့ကို ဆက်လက်သုံးသပ် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဆက်လက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးသည် ၂၀၁၇ခုနှစ် မေ ၁၈ ရက်မှ သြဂုတ် ၃၁ ရက်အထိ  အစည်းအဝေး ကျင်းပရက် ၅၃ ရက် ကျင်းပခဲ့ပြီး အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထု၏ အကျိုးအလို့ငှာ အမျိုးသားလွှတ်တော်သို့ ကြယ်ပွင့်ပြမေးခွန်း ၂၃၅ ခုနှင့် ကြယ်ပွင်မပြ မေးခွန်း ၂၀၈ ခု တို့ကို မေးမြန်းခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များ မေးမြန်းသည့် မေးခွန်းများအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက သက်ဆိုင်ရာ ၀န်ကြီးဌာန တစ်ခုချင်းအနေဖြင့်လည်းကောင်း၊ ၀န်ကြီးဌာန အချင်းချင်း ပေါင်းစပ်၍ လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ လည်းကောင်း လွှတ်တော်တွင်  နှုတ်ဖြင့်ဖြေကြားခြင်း၊ စာဖြင့်ပေးပို့ ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
အဆိုတင်သွင်းခြင်းကဏ္ဍတွင် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို ၆ ခုကို လွှတ်တော်သို့ တင်သွင်း ခဲ့ရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူညီခဲ့သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ အဆို ၄ ခုကို အတည်ပြုခြင်း၊ အဆို ၁  ခုကို မှတ်တမ်းတင်ခြင်းနှင့် ဆက်လက်ဆောင်ရွက်ရန် အဆို ၁ ခု ကျန်ရှိပါကြောင်း။
ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးနိုင်ရန် ပြည်ထောင်စု လွှတ်တော်က ပေးပို့ထားသည့် ဥပဒေကြမ်း ၅ ခုတို့ကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊  ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြား ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ကာ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ အမျိုးသား လွှတ်တော်မှ အတည်ပြုပြီး ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် ပေးပို့ထားသည့် ဥပဒေကြမ်းများအနက် ဥပဒေကြမ်း ၄ ခုကို ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာပါကြောင်း၊ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေး ပို့လာခြင်းကို  လွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ ပါကြောင်း။
 ပြည်သူ့လွှတ်တော်တွင် စတင်တင်သွင်းပြီး  အတည်ပြုချက်ဖြင့် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ပေးပို့ခဲ့ သည့် ဥပဒေကြမ်း ၉ ခုတို့ကို  ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း၊  လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ  လွှတ်တော်က ဥပဒေကြမ်း ၇ ခုကို ပြင်ဆင်ချက်ဖြင့်လည်းကောင်း၊ ဥပဒေကြမ်း ၂ ခုကို ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြု၍လည်းကောင်း ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာဖတ်ကြားခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ ကို ဆောင်ရွက်ကာပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မပြုဘဲ သဘောတူကြောင်းဆုံးဖြတ်ချက် ပေးပို့လာ ခြင်းကို လွှတ်တော်သို့ တင်ပြခဲ့ပါကြောင်း။ ထို့အတူ ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက် ရတနာဥပဒေကြမ်းကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ကာ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ ပါကြောင်း။
အစီရင်ခံစာ တင်သွင်းခြင်းကဏ္ဍတွင် ကော်မတီ ၁၂ ခု၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများကို အမျိုးသား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များက အကြံပြု ဆွေးနွေးခြင်းနှင့် လွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများကလွှတ်တော် အစည်းအဝေးကာလအတွင်း အစည်းအဝေး စုစုပေါင်း ၁၇၄ ကြိမ် ပြုလုပ်ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ စွမ်းရည် မြင့်မားစေရန် ရည်ရွယ်၍ အပြန်အလှန်ဆွေးနွေးပွဲ (Debate) ကို ၈ ကြိမ် ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခဲ့ပါကြောင်း။
ကိုယ်စားလှယ်များအတွက်  သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ကာလအတွင်း စာတမ်းတို ၃ စောင် ထုတ်ဝေခဲ့ပြီး  လွှတ်တော်ကိုယ် စားလှယ် ၆၅ ဦးက သိရှိလိုသည့် သတင်းအချက်အလက် မေးမြန်းခဲ့မှုများအနက် ၁၁၃ စောင်ကို ရှာဖွေပေးခဲ့ပြီး ဆောင်ရွက်ဆဲ ၂၄ စောင် ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ကို အသိပေးပါကြောင်း ပြောကြားသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၅၃ ရက်မြောက်နေ့ကို ရပ်နားခြင်းနှင့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို အောင်မြင်စွာကျင်းပပြီးစီးကြောင်း ကြေညာသည်။

အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment