Thursday, August 31, 2017

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော် သြဂုတ် ၃၁
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(၂၁)ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၏  ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က လက်ရှိအစိုးရလက်ထက် မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှု စီးဝင်သည့် အခြေအနေကို သုံးသပ်ရာတွင်  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၅၁ ခုကို ရင်းနှီမြှပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၇၇၀ သန်း အပါအ၀င် မြန်မာကျပ်ငွေ ၁,၄၅၈,၉၄၇ ဒသမ ၇၂၂ သန်းဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်း ၁၈ ခုအား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂၁၈ သန်း အပါအ၀င် မြန်မာကျပ်ငွေ ၁၁၃,၉၃၄ ဒသမ ၃၈၁ သန်း ထပ်မံတိုးမြှင့် ခွင့်ပြုပေးခဲ့သဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၇၉၂ ဒသမ ၅၄၃ သန်း အပါအ၀င်  မြန်မာကျပ်ငွေ ၁,၅၇၂,၈၈၂ ဒသမ ၁၀၃ သန်း ဖြစ်ပါကြောင်း၊ စိစစ်ခွင့်ပြုခဲ့သည့် လုပ်ငန်း ၅၁ ခုမှ အကျိုးအမြတ်အနေဖြင့် အခွန်အရပ်ရပ်နှင့် မြေငှားရမ်းခများ ပုံမှန်တစ်နှစ် အတွက် ငွေကျပ် ၁၁၃၈၅၉ ဒသမ ၁၅၄ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄၄၅ သန်းရရှိ ခဲ့ပါကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၀/၂၀၁၇) အပါအ၀င်လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်ချို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူး၊ ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်မော်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းတင်ပြကြသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က သစ်တောကဏ္ဍ၏ မတ်လကုန်အထိ ထုတ်လုပ်မှုတန်ဖိုးမှာနှစ်အလိုက်ဈေး နှုန်းများအရငွေကျပ် ၅၈၇၂၆ ဒသမ ၈ သန်းရရှိပြီး စီမံကိန်း ရည်မှန်းချက်အပေါ် ၆၄ ဒသမ ၆  ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း၊ ပုံမှန်ဈေးနှုန်းအရ လျော့နည်းခဲ့ရ သည့် အကြောင်းအရင်းများအနက် အဓိကအချက်မှာ ယခင်နှစ်များက ကျွန်းတန် ၆၀၀၀၀ နှင့် သစ်မာ တန် ၆၇၀၀၀၀ ထုတ်လုပ်ခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံးတွင် သစ်ထုတ်လုပ်မှု ရုပ်သိမ်းခဲ့ပါကြောင်း၊ ထို့ပြင် သစ်တောများ ပြန်လည်တည်ထောင်နိုင်ရန် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် သစ်ထုတ်လုပ်မှု တစ်နှစ်ရပ်နားရန်နှင့် ပဲခူးရိုးမမှသစ်ထုတ်လုပ်မှု ၁၀ နှစ်ရပ်နားရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ် သစ်ထုတ်လုပ်မှု တစ်နှစ် ရပ်နားခဲ့သော်လည်း ပြည်တွင်းသုံးစွဲမှုနှင့် သစ်အခြေခံစက်ရုံများအတွက် သစ်လုံးလက်ကျန် လုံလောက်စွာရှိနေ သဖြင့် သစ်ကုန်ချော ထုတ်လုပ်မှုကို ထိခိုက်မှုမရှိခဲ့ကြောင်း။
သတ္တုကဏ္ဍ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စီမံကိန်း ရည်မှန်းချက်မှာ ငွေကျပ် ၉၄၄၆၅၀ ဒသမ ၆ သန်းဖြစ်ပါကြောင်း၊ စီမံကိန်း နှင့်ဘဏ္ဍာရေး ၀န်ကြီးဌာနမှ သတ္တုနှင့်တွင်းထွက်ပစ္စည်း ကဏ္ဍ၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အလိုက် ဈေးနှုန်းများအရ ငွေကျပ် ၈၃၅၂၇၉  ဒသမ ၅ သန်းရရှိခဲ့ပြီး စီမံကိန်းရည်မှန်းချက်အပေါ် ၈၈ ဒသမ ၄ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း ၀န်ကြီးဌာနနေဖြင့် ငွေကျပ် ၇၇၆၅၃၅ ဒသမ ၄၇၇ သန်း ရရှိခဲ့သည့်အတွက် စီမံကိန်းရည်မှန်းချက်အပေါ် ၁၁၈ ဒသမ ၃၂ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ကြောင်း ရှင်းလင်းတင်ပြသည်။
အဆိုပါ အစီအရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင် သဘောတူ အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ယင်းနောက်  ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ် ချက်အစီရင်ခံစာ (၁၁/၂၀၁၇) အပါအ၀င်လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထဲရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေး ၀န်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ဒုတိယ ၀န်ကြီးများက ရှင်းလင်းတင်ပြကြ သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း က၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် အမှန်စာရင်းထက်၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် ရှေ့ပြေးအမှန်စာရင်းတွင် ရငွေလျော့နည်းခြင်းမှာ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းအား ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်  နိုင်ငံပိုင်စီပွားရေး အဖွဲ့အစည်းအဖြစ်မှ ဦးစီးဌာနသို့ ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း၊  မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည်  KDDI နှင့် Joint Operation  ပူးပေါင်းဆောင်ရွက် ခဲ့ခြင်း၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းသည် အကျိုးတူ ကျောက်မျက် ရောင်းရ ငွေအပေါ် ခွဲဝေသည့် အချိုးကို  ၄၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ လျော့ချလိုက်ခြင်း၊ ကျောက်မျက်ရတနာ ဥပဒေ အရ ကောက်ခံသည့်ဝန်ဆောင်မှု ၃ ရာခိုင်နှုန်း ရငွေများ လျော့နည်းခြင်း၊ မြန်မာ့သစ်လုပ်ငန်းသည် နိုင်ငံခြားသို့ သစ်အလုံး လိုက် တင်ပို့ရောင်းချမှု ရပ်ဆိုင်း လိုက်သဖြင့် လျော့နည်းခြင်း၊ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းတွင် ရေနံထွက်ပစ္စည်း၊ ယူရီးယား၊ ရေနံမီးသွေးနှင့် ရေနံဓာတ်ငွေ့ရည်များ ထုတ်လုပ်ရောင်းချမှုမှ ရငွေများ လျော့နည်းရရှိခြင်းတို့ကြောင့် ဖြစ်ပါကြောင်း။
၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် ရှေ့ပြေးအမှန်စာရင်းထက် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ယာယီစာရင်းတွင် ရငွေလျော့နည်းခြင်းမှာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ဧပြီလမှစ၍  သက်တမ်းကုန်လုပ်ကွက်များကို သက်တမ်းတိုးခေါ်ယူခြင်း မပြုတော့ဘဲ လစ်လပ်လုပ်ကွက်များအဖြစ် ထိန်းသိမ်းထား သောကြောင့် လုပ်ကွက်အဆိုပြုငွေများ လျော့နည်းရရှိခြင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် JO စာချုပ်အရ Minimum Guarantee ရရှိမှုမှာ ၂၀၁၄-၂၀၁၅ ခုနှစ် တွင် ၄၀ ရာခိုင်နှုန်း ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်း  ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်းဖြစ်သဖြင့် နှစ်စဉ်လျော့နည်းခြင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓတ်ငွေ့လုပ်ငန်းတွင်  ကမ္ဘာ့သဘာဝ ဓာတ်ငွေ့ဈေးနှုန်း ကျဆင်းခြင်းတို့ကြောင့် ရငွေလျော့နည်းရခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း ပြန်လည် ရှင်းလင်းသည်။ 
အဆိုပါ အစီအရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင် သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်ခိုင်သန်းက ယခုအစည်းအဝေး ကာလအတွင်း ဥပဒေသစ် ၈ ခု၊ ပြင်ဆင်သည့် ဥပဒေ ၁၁ ခု၊ ရုပ်သိမ်းသည့် ဥပဒေ တစ်ခု စုစုပေါင်း ဥပဒေ ၂၀ ခု ထုတ်ပြန်ကြေညာနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူရန် လိုအပ်သည့် ပြည်ပချေးငွေ ဆိုင်ရာကိစ္စရပ်တစ်ခု၊ အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးကိစ္စရပ် ၈ ခု၊ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ လုပ်ငန်းများဖြစ်သည့် ၂၀၁၇ ခုနှစ်၊ ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ ထုတ်ပြန်ရေးကိစ္စ အပါအ၀င် ကြွေးမြီ ဆိုင်ရာ အစီရင်ခံစာနှစ်ခု၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးဆိုင်ရာ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှစ်ခု၊ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယ (၆) လပတ်အခွန်ကောက်ခံ ရရှိမှု အပါအ၀င် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်း ခွန် ဆိုင်ရာကိစ္စရပ်တင်ပြချက်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ် လည်အစီရင်ခံစာနှင့် ပြည်ထောင်စု ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင် ခံစာတို့နှင့် စပ်လျဉ်းပြီး ဆွေးနွေးခြင်းနှင့် အတည်ပြုမှတ်တမ်း တင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း။
မြို့နယ်အချို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရွေးချယ်မှု၊ လုပ်ငန်းအကောင်အထည် ဖော်မှုများနှင့် စပ်လျဉ်းပြီး တိုင်ကြား တင်ပြမှုများ ရှိနေပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များအနေဖြင့် မြို့နယ်အလိုက် အမှန်တကယ် တာဝန်ယူဆောင်ရွက်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ် တာဝန်ပေး အပ်ပြီး မိမိမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပြီး ညှိညှိနှိုင်းနှိုင်းဖြင့် ဆောင်ရွက်ကြစေ လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။

မျိုးမြင့်၊ မွှေးကြူဇင်(သတင်းစဉ်)

No comments:

Post a Comment