နေပြည်တော်
သြဂုတ် ၂၂
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်
အစည်းအဝေး ၄၇ ရက်မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ
ဦးဇုန်လှယ်ထန်း၏ ဖလမ်းမြို့နယ် အတွင်းရှိ
ဆအက် - သီးကျီရ် - မွှန်လွှ - ကျော့သဲ - ဟိုင်ဟင် - လျန်နှာ(ဟ) - လျန်နှာ(သ) - ရိဒ် အမှတ်(၂)ရပ်ကွက်
ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဆအက်မှ သီးကျရ် ကျေးရွာအထိ
ဂျစ်ကားလမ်း (၄/၀)မိုင်၊ သီးကျီရ်မှ မွှန်လွှကျေးရွာအထိ ဂျစ်ကားလမ်း (၅/၀)မိုင်၊ မွှန်လွှမှ
ကျော့သဲကျေးရွာအထိ ဂျစ်ကားလမ်း(၃/၀)မိုင်၊ ကျော့သဲမှ လျန်နှာ(ဟ) - လျန်နှာ(သ) - တီအိုချောင်း
(ရိဒ်မြို့၊ အမှတ်(၂)ရပ်ကွက်) အထိ ဂျစ်ကားလမ်း (၁၀/၀)မိုင် စုစုပေါင်း လမ်းအရှည် ၂၂
မိုင်အား လမ်းတာချဲ့ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်း
စိစစ်၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ အပိုင်းလိုက်လျာထားနိုင်ရေး စီစဉ်ပေးမည်ဖြစ်ပြီး
ဘဏ္ဍာငွေ ခွင့်ပြုချက်ရရှိသည့်နှစ်တွင် ရရှိသည့် ရန်ပုံငွေအခြေအနေ အပေါ်မူတည်၍ ချင်းပြည်
နယ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများတွင် ဦးစားပေး အစီအစဉ် အလိုက် ဆောင်ရွက်ပေးနိုင်
မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ
ဦးကျော်တုတ်၏ ညောင်ဦးခရိုင်အတွင်း ငါ့သရောက်မြို့
- ဂျမ်းလှီး - ကျောက်ပန်းတောင်းမြို့ - ပွေးကျစ် ဆက်သွယ်ထားသော ကျောက်ခင်း လမ်းကို
ကတ္တရာလမ်းအဖြစ် ဘဏ္ဍာရေးနှစ်အလိုက်ပိုင်းခြားပြီး အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊
မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက
ငါ့သရောက် - ဂျမ်းလှီး - ကျောက်ပန်းတောင်း လမ်းပိုင်းသည် ၂၁ မိုင် ၇ ဒသမ ၅ ဖာလုံ ရှိပါ
ကြောင်း၊ ကျောက်ပန်းတောင်း - ဂျမ်းလှီးလမ်းအပိုင်းသည် ၁၀ မိုင် တစ်ဖာလုံ အရှည်ရှိပြီး
လမ်း အခြေအနေမှာ ကတ္တရာလမ်း နှစ်ဖာလုံ၊ ကျောက်လမ်း ၈ မိုင် ၀ ဒသမ ၄ ဖာလုံ၊ ဂ၀ံလမ်း ၃
ဖာလုံ ရှိပြီး မြေသားလမ်း တစ်မိုင် ၃ ဒသမ ၆ ဖာလုံ ဖြစ်ပါကြောင်း၊ ယင်းမြေသားလမ်း တစ်မိုင်
၃ ဒသမ ၆ ဖာလုံအား ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်သွား
မည်ဖြစ်ပါကြောင်း။
ထို့ပြင် မေးခွန်းပါ ငါ့သရောက် - ဂျမ်းလှီးလမ်းပိုင်းသည်
၁၁ မိုင် ၆ ဒသမ ၅ ဖာလုံရှိပြီး လမ်း အခြေအနေမှာ ကျောက်ချောလမ်း ၆ မိုင် ၆ ဒသမ ၅ ဖာလုံ၊
မြေသားလမ်း ၅ မိုင် ဖြစ်ပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ်
အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြား သည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ
ဒေါ်စန်းစန်းမြင့်၏ ကျောက်တံခါးမြို့နယ် တောကျွဲအင်း
(အောင်မြင်မြို့)မှ လယ်ယာမဲ ဖြစ်သွားသော တောင်သူများကို မြေယာများ ပြန်လည် ပေးနိုင်ခြင်း
ရှိ၊ မရှိ သို့မဟုတ် ထိုက်သင့်သော နစ်နာကြေးများ
ပေးနိုင်မှု ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးကျော်လင်းက မေးခွန်းပါ မြေများသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် အမြန်လမ်းမကြီး၏
လမ်းနယ်နိမိတ် ပေ ၄၀၀ ပြင်ပ တွင်ရှိသော မြေများဖြစ်သဖြင့် အဆိုပါသိမ်းယူမြေများအတွက်
သိမ်းယူထားသော လုပ်ငန်းရှင်များ မှ နစ်နာသူတောင်သူများထံသို့ ပြန်လည်ပေးအပ်ခြင်း သို့မဟုတ်
နစ်နာကြေးငွေပေးအပ်ခြင်းသည် သက်ဆိုင်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ (သို့မဟုတ်)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနတို့မှ ဖြေရှင်းဆောင်ရွက်ပေးရမည့်
ကိစ္စရပ်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ
ဦးခင်မောင်လတ်၏ မောင်တော၊ ဘူးသီးတောင်နှင့်
ရသေ့တောင် မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး
ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လော လောဆယ် နေရပ်စွန့်ခွာ
ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက်ရပ် တည်နိုင်ရေးအတွက် အရေးတယူ
ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ
ဦးမောင်မောင်အုန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်း၊ ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်နှင့် ဧရာဝတီ တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး
တို့က အကြံပြုဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်
အစည်းအဝေး ၄၈ ရက်မြောက်နေ့ကို သြဂုတ် ၂၃ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
သူရဇော်၊
မီမီဖြိုး

No comments:
Post a Comment