Tuesday, August 22, 2017

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၈) ရက်မြောက်နေ့ကျင်းပ

နေပြည်တော် သြဂုတ်  ၂၂
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၈) ရက်မြောက်နေ့ကို ယနေ့ နံနက် (၁၀) နာရီတွင် ကျင်းပရာ မေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း၊ အဆို ၁ ခု နှင့် ဥပဒေကြမ်း (၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ သတင်းအချက်အလက်ဆိုင်ရာ အသိပညာ တတ်မြောက်မှု (Information Literacy) နှင့် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာတတ်မြောက်မှု (Digital Literacy)ပညာရပ်များကို ကျောင်းသားများအပါအဝင် ပြည်သူလူထုများ နားလည်သိမြင်လာစေရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြည်သူများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများပေါ်မှ သတင်းအမှားနှင့် အမှန်ကို ခွဲခြားသိရှိနိုင်ရေး အတွက်  Media Literacy  စွမ်းရည်မြင့်တက်လာစေရန် ပညာရှင်များ၊  Blogger များနှင့် တွေ့ဆုံမေးမြန်းသည့် အစီအစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား က လစဉ်ထုတ်လွှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်သူလူထုမှ သတင်းအချက်အလက်များ လျင်မြန်စွာရရှိနိုင်ရေးအတွက် News Media နှင့်  Digital Platform များသို့ကူးပြောင်းကာ အဆင့်ဆင့်တိုးတက်ပြင်ဆင်ဆောင် ရွက်ပေးခဲ့ပါကြောင်း၊ Information Literacy နှင့် Digital Literacy ပညာရပ်များကို လူငယ် များနှင့်ပြည်သူလူထုမှ  ကျယ်ကျယ်ပြန့်ပြန့်နားလည်သိမြင်စေရန် ဆွေးနွေးပွဲများ၊ ညီလာခံများ ကို ကျင်းပဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထိုပညာရပ်များကို ပညာရေးဝန်ကြီးဌာနက ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ အမျိုးသားစီမံခန့်ခွဲမှုကောလိပ်တွင်  B.A Journalism ဘွဲ့အပ်နှင်း၍ ကျောင်းသားကျောင်းသူများ ကို သင်ကြားပေးခြင်းဖြင့်လည်းကောင်း၊ ပုဂ္ဂလိက  မီဒီယာကဏ္ဍ၌  Myanmar Media Development  Center ဖွင့်လှစ်၍ ဒီပလိုမာသင်တန်းများ သင်ကြားပေး ခြင်းဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် နိုင်ငံတကာမီဒီယာအဖွဲ့အစည်း တစ်ခုဖြစ်သည့် International Media Support (IMS)တို့က Myanmar Journalism Institute ဖွင့်လှစ်၍ သင်ကြားပေးခြင်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် ပြည်သူ့စာကြည့်တိုက်များကိုအသုံးပြု၍ အတင်းအချက်အလက်ဆိုင်ရာ အသိ ပညာတတ်မြောက်မှု Information Literacy နှင့်  ဒီဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာ တက်မြောက်မှု Digital Literacy ပညာရပ်များ ကို ကျောင်းသားများအပါအဝင် ပြည်သူလူထု နားလည်သိမြင်လာစေရန်  ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တက္ကသိုလ် များတွင် Digital နည်းပညာအသုံးချ e - Library များတည်ထောင်ဖွင့်လှစ်ပေးခြင်း၊ Digital  Device များအသုံးပြု၍ မိမိတို့ ဘာသာရပ်နှင့်သက်ဆိုင်သည့် အချက်အလက်များ၊ အထောက် အကူပြုစာအုပ်များ၊ အင်တာနက်ဝက်ဘ်ဆိုက်များတွင် ရှာဖွေဖတ်ရှု့နိုင်မည့် နည်းလမ်းကောင်းများကို သင်ကြားလမ်းပြပေးခြင်း၊ မိမိတို့ ဘာသာရပ်နှင့် သက်ဆိုင်သည့် Term Paper နှင့် Research Paper များပြုစုရေးသားစေခြင်းဖြင့် ကျောင်းသင်ခန်းစာ များနှင့်တွဲဖက်၍ လေ့ကျင့် သင်ကြားပေးလျက်ရှိပါကြောင်း။
လူမှုကွန်ယက်တွင် ဖြန့်ဝေသည့် အချက်အလက်များအား မှန်ကန်စွာ ခွဲခြားနိုင်ရေး၊ သတင်းအချက်အလက်ဆိုင်ရာ ကိုယ်ကျင့်တရားများ  စောင့်ထိန်းနိုင်ရေးနှင့် ဒီဂျစ်တယ်ပစ္စည်းများအား အကျိုးရှိရှိ မှန်မှန်ကန်ကန် အသုံးပြုနိုင်ရေး တို့အတွက်   Facebook စာမျက်နှာပေါ် တွင် facebook.com/safety/resources တွင်မြန်မာဘာသာဖြင့် အသိပေး လမ်းညွှန်မှုပြုထား ပါကြောင်း၊ ကျေးလက်နေပြည်သူများအား ဒီဂျစ်တယ်နည်းပညာများ တတ်မြောက်စေရန် လေ့ကျင့် သင်ကြားပေးခြင်း၊ သတင်းအချက်အလက်ဆိုင်ရာ အသိပညာရရှိစေရန် အစီအစဉ် ရေးဆွဲခြင်းလုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိပါကြောင်း ဖြေကြားသည်။ 
ထို့ပြင် အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦးနှင့် ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေတို့၏ အန္တရာယ်ရှိမီးရထား ဝန်ထမ်း အိမ်ရာများအား ပြန်လည်ဆောက်လုပ်ပေးရေး၊ ဖောင်းပြင်မြို့နယ် ကရားကျေးရွာအုပ်စုတွင် စိုက်ထူထားသော MPT ဆက်သွယ်ရေးတာဝါတိုင်ကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးရေးဆိုင်ရာ မေးခွန်းများကိုလည်း ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း တင်သွင်းထားသည့် မူလရေ အရင်းအမြစ် သဘာဝရေ ထွက်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဦးစားပေးအဆင့် သတ်မှတ်ကာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်များ ချမှတ်လမ်းညွှန်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် (၁၄) ဦးတို့က ဆွေးနွေးကြသည်။
ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်းက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာပါက သဘာဝပတ်ဝန်းကျင် မထိခိုက်အောင်၊ ရေအရင်းအမြစ်များ မပျောက်ပျက်အောင် စီမံကိန်းများကို သေသေချာချာ စိစစ်ခွင့်ပြုသင့်ပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးအတွက် မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက် ရန်ရှိသည့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သောအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ ဒေသဆိုင်ရာ သဘောတူစာချုပ်များ နှစ်နိုင်ငံသဘောတူစာချုပ်များနှင့်အညီ ဆောင်ရွက်ရမည်ဟု ဥပဒေတွင် ပါရှိပါကြောင်း၊ ထို့ကြောင့် မြစ်ချောင်း၊ အင်းအိုင်၊ စမ်းချောင်း၊ စိမ့်စမ်းများ မပျောက်ပျက်ရအောင် နိုင်ငံတော်အစိုးရနှင့် အတူ ပြည်သူများပူးပေါင်းပါဝင်ပြီး ထိန်းသိမ်းစောင့်ရှောက် သင့်ပါကြောင်း ဆွေးနွေးသည်။
မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းက တိုင်းပြည်၏ ရေရှည်အကျိုးစီးပွားကို မမျှော်ကိုးဘဲ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်ခဲ့ကြသည့်အတွက် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်၊ ကစ္စပနဒီ စသည့် မြစ်ကြီးများသည် အခုအချိန်တွင် နောက်ကျိနေပြီဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ တစ်နိုင်တစ်ပိုင် သစ်ခုတ်ခြင်း၊ သားငါး ရှာဖွေခြင်း၊ တောင်ယာ ချဲ့ထွင်ခြင်း စသောအကြောင်းများကြောင့် သဘာဝပတ်ဝန်းကျင်သည် အန္တရာယ်ဖြစ် လောက်အောင် မပျက်စီးနိုင်ပါကြောင်း၊ လက်ကျန်သဘာဝရေထွက်များကို ဆက်လက်ထိန်း သိမ်းရန် ပြည်သူလူထု တစ်ရပ်လုံးနှင့် အစိုးရယန္တရားတစ်ရပ်လုံး အားလုံးပါဝင်ကြရန် တိုက် တွန်းပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် အဆိုနှင့်စပ်လျဉ်း၍ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင်၊ ကျောက်ပန်း တောင်းမဲဆန္ဒနယ်မှ ဦးရွှေကို၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ဖရူဆိုမဲဆန္ဒနယ်မှ ဦးပဲ့ဒူ၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စည်သူ၊ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၊ ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ  ဦးနေထက်ဝင်း၊ လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီနှင့် ဆီဆိုင်မဲဆန္ဒနယ်မှ ဦးခွန်သန်းထူးတို့ကလည်း  အကြံပြု ဆွေးနွေးကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သဘာဝရေထွက်ထိန်းသိမ်းရေးလုပ်ငန်းများအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ၅ နှစ်စီမံကိန်းဖြင့် ရှမ်းပြည်နယ်အတွင်းရှိ သဘာဝရေထွက်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇ နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးခရိုင်၏ သဘာဝရေထွက် ၁၅ ခုအား ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါကြောင်း၊ ယင်း အတွေ့အကြုံများကိုမူတည်ပြီး ရှေ့လာမည့်ဘဏ္ဍာနှစ်များတွင် ဆက်လက် ထိန်းသိမ်းရန်လိုအပ်သည့် သဘာဝ ရေထွက်များကို ဦးစားပေးရွေးချယ်၍ ထိန်းသိမ်းရေးလုပ် ငန်းများ ဆောင်ရွက်သွားဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့ရှိ အချို့ဒေသများတွင် ဒေသခံပြည်သူများက မိမိတို့၏ အသိစိတ်ဓာတ်ဖြင့် သဘာဝရေထွက် များကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းကာ စီမံခန့်ခွဲလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသစ်တောများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ခရိုင်သစ်တောစီမံအုပ်ချုပ်  မှုလုပ်ငန်းများကို ၁၀ နှစ် စီမံကိန်းရေးဆွဲ၍ လုပ်ကိုင်လျက်ရှိပါကြောင်း၊ ယင်းစီမံကိန်းတွင် ဒေသအလိုက်အရေးပါသော မြစ်ချောင်း၊ ဆည်တမံ များ၏ ရေဝေရေလဲသစ်တောများအား ရေဝေရေလဲအလုပ်တိုက်နယ်များ အဖြစ်သတ်မှတ်ပြီး  ရေဝေရေလဲ ထိန်းသိမ်းရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်သည့် ဘက်စုံရေစီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အမျိုးသားအဆင့် ရေမူဝါဒ၊ အမျိုးသားရေအရင်း မြစ်ဆိုင်ရာ ဘက်စုံစီမံခန့်ခွဲရေးမဟာဗျူဟာ၊ ရေနှင့်ဆိုင်သော အခြေခံမူဘောင်တို့ကို ရေးဆွဲထုတ်ပြန်ထား ပြီးဖြစ်သည့်အပြင် ရေဥပဒေ (မူကြမ်း) ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါ ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းအဆိုကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ယနေ့အစည်းအဝေးတွင် လွှတ်တော်အခွင့်အရေးကော်မတီက တင်သွင်းသည့် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုများကို ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံး အဖြတ်ရယူခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

ကျော်သူထက်၊ မွှေးကြူဇင် (သတင်းစဉ်)

No comments:

Post a Comment